ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုများ အထူးသဖြင့် ဒုက္ခသည်များ ရောက်ရှိမှုကို တင်းကျပ်တားဆီးမှုများက ပြင်သစ်နှင့် ဂျာမနီတို့အတွက် စိုးရိမ်စရာဖြစ်နေရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းမာအိုင်ယာရော့က ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။
“ဒီဆုံးဖြတ်ချက်က ကျွန်တော်တို့အတွက် စိုးရိမ်ပူပန်စရာသက်သက်ဖြစ်စေတဲ့ ဆုံးဖြတ်ချက်ပဲ။”ဟု ၎င်းက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာဂါဘရီယယ်နှင့် တွေ့ဆုံပြီးနောက် ပြောခြင်းဖြစ်သည်။
“စစ်ပွဲတွေကနေ ပြေးလာရတဲ့ ဒုက္ခသည်တွေကို ကြိုဆိုဖို့က ကျွန်တော်တို့ရဲ့ တာဝန်တစ်ရပ်ပဲဖြစ်တယ်။ ဒါပေမယ့် အခြားပြဿနာတွေလည်း များစွာရှိနေတာကလည်း ကျွန်တော်တို့အတွက် ရတက်ဖြစ်စေတဲ့ အကြောင်းကိစ္စတွေပဲဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။
အမေရိကန်နိုင်ငံအတွက် အစွန်းရောက်အကြမ်းဖက်ရန်မှ ကင်းဝေးနိုင်ရေးအတွက် ဒုက္ခသည်များ လာရောက်မှုကို ဆိုင်းငံ့ပိတ်ပင်ကာ မွတ်စလင်နိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများကို ထိန်းချုပ်သည့် ကန့်သတ်ချက်များပါ အမိန့်တစ်ရပ်အား ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၇ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။