ရန်ကုန်မြို့ရောက် ကချင်လူငယ်များ စစ်ရှောင်ဒုက္ခသည်များအတွက် သီချင်းလိုက်ဆို၍ ရန်ပုံငွေ ရှာဖွေမှုစတင်

ရန်ကုန်မြို့ရောက် ကချင်လူငယ်များ စစ်ရှောင်ဒုက္ခသည်များအတွက် သီချင်းလိုက်ဆို၍ ရန်ပုံငွေ ရှာဖွေမှုစတင်

ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။               ။ ရန်ုကုန်မြို့မှ ကက်သလစ်အသင်းတော်မှ ကချင်လူငယ်များက စစ်ရှောင်ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့နိုင်ရန်အတွက် နေအိမ်များသို့ သွားရောက်ကာ သီချင်းလိုက်ဆို၍ ရန်ပုံငွေရှာဖွေမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ပထမဆုံးညအဖြစ် ရန်ကုန်တိုင်းဝန်ကြီး၊ တိုင်းရင်းသားဝန်ကြီး၊ မြို့တော်ဝန်နှင့် တခြားနီးစပ်ရာ နေအိမ်များ အပါအဝင် အိမ် ၄၀ အိမ်တွင် ဖိတ်စာများ ပေးပို့၍ သွားရောက်သီဆိုကြမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ကချင်ကက်သလစ် လူငယ်ခေါင်းဆောင် မဆွမ်းလွတ်ဆိုင်းခေါန်က ပြောသည်။

“အစ်မတို့လူငယ် ၄၀၊၅၀ လောက်ရှိတယ်။ သီချင်းဆိုမယ်ဆိုတာ တစ်အိမ်တက်တအိမ်ဆင်း လိုက်ဆိုမှာ။ ဒီညနေကနေ စမယ်။ တစ်ပတ် တစ်ရက်လုပ်သွားမယ်။ နောက်ပိုင်း ဈေးရောင်းပွဲတော်တွေ ဆက်လုပ်သွားဖို့ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြိ့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ သင်တန်းတက်ရောက်နေသည့် ကချင်လူငယ်များ ဖြစ်သည့်အတွက် သူတို့အားလပ်သည့် ရက်ဖြစ်သည့် စနေနေ့တိုင်း အပတ်တိုင်း သီးချင်းလိုက်ဆိုမှုကို အနည်းဆုံး ၄ လကြာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

လာမည့် တစ်ပတ်တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ နေအိမ်များ၊ အနုပညာရှင်များ၏ နေအိမ်များတို့ သွားရောက်၍ သီဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့တို့အကြား တိုက်ပွဲဖြစ်ပွားမှု နှစ်ကြာရှည်လာသလို၊ စစ်ရှောင်ဒုက္ခသည်များ ပိုမိုများပြားလာသဖြင့် ယခုကဲ့သို့ ကချင်လူငယ်များအနေဖြင့် တစ်ပိုင်တနိုင် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု မဆွမ်းလွတ်ဆိုင်းခေါန်က ပြောသည်။

“အခုက နောက်ပိုင်းစစ်ဘေးရှောင်နေရတဲ့ လူတွေ ပိုပြီးများပြားလာတယ်။ စစ်ကလည်း နှစ်ရှည်လာတယ်။ အဲဒါကြောင့်အစ်မတို့က ပြန်ပြီးမှ သူတို့ကို ကူညီဖို့အတွက် လုပ်ကိုင်လာရခြင်း ဖြစ်တယ်။ စစ်ပွဲက ရက်ရှည်လာတော့ ထောက်ပံ့တဲ့လူတွေလည်း သူတို့ဘက်မှာလည်း အရမ်းကို ခက်ခဲမှုတွေ ဖြစ်လာတယ်။ အဲဒါကြောင့်မို့ အစ်မတို့ လူငယ်တွေကနေ တစ်ပိုင်တနိုင် ပြန်ပြီး ကူညီဖို့ စီစဉ်ရခြင်း ဖြစ်တယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ရန်ကုန်မြို့မှ ကချင်ကက်သလစ်လူငယ်များမှ ယခုကဲ့သို့ သီချင်းလိုက်ဆို၍ ရရှိသော ရံပုံငွေများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်ဒုက္ခသည်များအား သွားရောက်လှူဒါန်းနိုင်ခဲ့သည်ဟု သူက ပြောသည်။

လက်ရှိ ကချင်ပြည်နယ် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ၍ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေသူ စစ်ပြေးဒုက္ခသည် ၆၀၀၀ ခန့်သည် ဆိုးရွာပြင်းထန်သည့် ဘေးကင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီများ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်ဟု ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့(JST)က ဇန်နဝါရီလ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly