အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ခြင်းသည် တွေ့ဆုံဆွေးနွေးမှု ပျက်စေရန် လုပ်ဆောင်ခြင်းဟု UNFC ထုတ်ပြန်

အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ခြင်းသည် တွေ့ဆုံဆွေးနွေးမှု ပျက်စေရန် လုပ်ဆောင်ခြင်းဟု UNFC ထုတ်ပြန်

ချင်းမိုင်၊ဇန်နဝါရီလ ၂၇ ။            ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့မှုအပေါ် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားသွားစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ် အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်တို့ အပါအဝင် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးသည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အဆိုပါ အဖွ့ဲများကို အကြမ်းဖက်အဖွဲ့များအဖြစ် တပ်မတော်အနေဖြင့် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး ပိုမိုထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်ပါသည်”ဟု ဇန်နဝါရီလ ၂၇ ရက်က ကြေညာချက်တွင် ဖော်ပြထားသည်။

UNFC အနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရန် အစဉ်ကြိုးပမ်းခဲ့ပြီး NCA ရရှိရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည့် ကာလတလျှောက်လုံး တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကို ဖြစ်စဉ်အတွင်း ပါဝင်ခဲ့သော်လည်း လက်မှတ်ရေးထိုးရေးတွင် ပိတ်ပင်ထားခြင်းကြောင့် ယနေ့ထိ တစ်နိုင်ငံလုံး အသွင်ဆောင်သည့် အပစ်အခတ် ရပ်စဲရေးတွင် အောင်မြင်မှုအဆင့်သို့ မတက်လှမ်းနိုင်ဘဲ ရှိနေရသည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က မြောက်ပိုင်း မဟာမိတ်တပ်များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် ရှမ်းပြည်နယ်လွတ်တော်သို့ တပ်မတော် ကိုယ်စားလှယ်များမှ တင်သွင်း၍ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် UNFC အနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပွင့်နေသမျှ ကာလပတ်လုံး စေ့စပ်ညှိနှိုင်း အဖြေရှာရေး နည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး NLD အစိုးရ၏ လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်မှုတွင် အပြုသဘောဆောင် ချဉ်းကပ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုလိုက်သည်။

UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးရက်ကြာ ကျင်းပသော အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် တွေ့ဆုံရန်၊ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ်တွင် လေ့လာသူအဖြစ် ဖိတ်ပါက တက်ရောက်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သလို၊ UNFC ညီလာံကို မတ်လကုန်ပိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags