UNESCO ၏ ရခိုင်ခရီးစဉ်တွင် အာနန္ဒစန္ဒြ ကျောက်စာကို အသိမှတ်ပြုရေး တင်ပြမည်

UNESCO ၏ ရခိုင်ခရီးစဉ်တွင် အာနန္ဒစန္ဒြ ကျောက်စာကို အသိမှတ်ပြုရေး တင်ပြမည်

စစ်တွေ၊ ဇန်နဝါရီ ၂၇ ရက် ။              ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ UNESCO၏ ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်သို့ လာမည့် ခရီးစဉ်အတွင်း ဝေသာလီခေတ်တွင်   ရေးထိုးထားခဲ့သည့် အာနန္ဒစန္ဒြမင်း၏ အလှူမှတ်တမ်းကျောက်စာအား ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခွင့် ရရှိရေး တင်ပြသွားမည်ဖြစ်ကြောင်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက် ရခိုင့်ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွ့ဲ ပြည်နယ်ကော်မတီ၏ အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“UNESCO အဖွဲ့ဝင်တွေ နောက်လ ၁ ရက်နေ့မှာ ရခိုင်ကိုလာဖို့ရှိပါတယ်။ သူတို့ရဲ့အသိအမှတ်ပြု စာရင်းဝင် အမွေအနှစ်တွေ အဖြစ် ကနဦးအနေနဲ့ အာနန္ဒစန္ဒြကျောက်စာကို တင်ပြသွားဖို့အတွက် အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ ဗိသုကာ ပညာရှင်အဖွဲ့တွေ အရင်ရောက်တုန်းကလည်း ရခိုင်လက်ရာတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားပြီး ဖြစ်ပါတယ်။ ထုက္ကန်သိမ်လို အရေးပါတဲ့ အမွေအနှစ်တွေရဲ့ အကြောင်းတွေကိုပေါ့။ အခု ကျွန်မတို့ဘက်က ထပ်ပြီး တင်ပြလို့ရှိရင် သူတို့အနေနဲ့ လက်ခံမယ့် သဘောတော့ရှိပါတယ်။” ဟု ရခိုင်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒေါ်မခင်သန်းက ပြောသည်။

ရခိုင်တို့၏ သမိုင်းမှတ်တမ်းများအရ အာနန္ဒစန္ဒြကျောက်စာသည် အရှေ့တောင်အာရှတွင် အစောဆုံးရေးထိုးထားခဲ့သည့် ကျောက်စာဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော အမွေအနှစ်များတည်ရှိရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကိုလည်း ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး စာရင်းဝင်နိုင်ရန် လာမည့်သုံးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags