ရန်ကုန်မြို့၏ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ရက် နံနက်တွင် စတင်ကျင်းပမည်

ရန်ကုန်မြို့၏ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ရက် နံနက်တွင် စတင်ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။          ။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၈နာရီကစပြီး ရန်ကုန်မြို့ ကမ်းနားလမ်းရှိ တရုတ်ကုန်သည်များအသင်းရှေ့ရှိ ဖျော်ဖြေရေးမဏ္ဍပ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းမှစ၍ တစ်ခါမှ မကြုံဘူးသည့်ပုံစံမျိုးဖြင့် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းသို့ကျင်းပနိုင်ရန် လွန်ခဲ့သည့်သုံးလအကြာက ကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ တရုတ်ဘုံကျောင်းအသင်းတွေပေါင်းပြီးတော့ ဖွင့်ပွဲကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စတိတ်ရှိုးတွေ သီချင်းဆိုတာတွေ ကပွဲတွေ နောက်တစ်ခုက ဒီနှစ်မှာဆိုရင် တရုတ်ပြည်က ဝူရှူးအဖွဲ့တွေ အကအဖွဲ့တွေ အဖွဲ့ပေါင်းများစွာလည်း လာရောက်ပူးပေါင်းဖျော်ဖြေမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စဉ့်အိုးတန်းအထက်လမ်းအနေနဲ့ ခြင်္သေ့အကအဖွဲ့အနေနဲ့လည်း ဝိုင်းပြီးတော့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံခြင်္သေ့နဂါးအကအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က မဇ္ဈိမကိုပြောသည်။

တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ တရုတ်တန်း တစ်လျောက် တရုတ်ရိုးရာ မီးပုံးများ၊ တရုတ်ယဉ်ကျေးမှုပုံစံ ဖော်ညွှန်းထားသည့်မုခ်ဦးများဖြင့် အလှဆင်ထားသည်။ တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့၊ နဂါးရုပ်ကောင်ရေ ၆၀ ကျော်အပါအဝင် ဘင်ခရာ တီးဝိုင်းများနှင့် လှည့်လည်မည့် အစီအစဉ်များအပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများကို ပြသသွားမည်ဖြစ်သည်။ ထို့အပြင် ပွဲတော်ရက်တွင် တရုတ်တန်းတစ်လျောက် စတုဒီသာ ကျွေးမွေးရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ယခုကူးပြောင်းမည့်နှစ်သစ်သည် တရုတ်ရိုးရာ ကြက်နှစ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly