တိုင်းဝန်ကြီးချုပ်မှ အများပြည်သူသွားလာမှု စရိတ်နည်းပြီး သက်တောင့်သာရှိစေလိုဟု ပြော

တိုင်းဝန်ကြီးချုပ်မှ အများပြည်သူသွားလာမှု စရိတ်နည်းပြီး သက်တောင့်သာရှိစေလိုဟု ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။            ။ အများပြည်သူ ခရီးသွားလာမှုအတွက် စရိတ်စက အနည်းငယ်နှင့် သက်တောင့်သက်သာ ဖြစ်စေချင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၏ သယ်ယူပို့ဆောင်ရေးစနစ်အပေါ် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

"စရိတ်စကလည်း သက်တောင့်သက်သာဖြစ်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားပါတယ်။ ကျွန်တော်တို့က ပြည်သူလူထုကို သက်တောင့်သက်သာဖြစ်စေချင်ပါတယ်၊ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အနိမ့်ဆုံးလစာငွေဟာ အများကြီးမဟုတ်ပါဘူး၊ အနိမ့်ဆုံးလုပ်ခလစာရတဲ့သူတွေ သုံးနိုင်တဲ့ အဆင့်မျိုးဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ယမန့်နေ့(ဇန်နဝါရီ ၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြေနီကုန်းဂုံးကျော်တံတားအောက် အနုပညာစီမံကိန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခင် မထသလက်အောက်ရှိ ယာဉ်လိုင်းများကို ဖျက်သိမ်းပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်လမ်းကြောင်းများ အသစ်ရေးဆွဲပြီး ပြေးဆွဲခဲ့သည်။

အဆိုပါပြေးဆွဲမှုများနှင့်ပတ်သက်ပြီး ယာဉ်လမ်းကြောင်းအဆင့်ဆင့်ပြောင်းစီးရခြင်းကြောင့် ကုန်ကျစရိတ်ပိုမိုများပြားခြင်း၊ ယာဉ်အစီးရေနည်းပါးပြီး လူစီးနှင်းရာတွင် ကျပ်တည်းမှုများရှိခြင်း ၊ ညနက်ချိန်များတွင် စီးနှင်းရမည့်ယာဉ်များ မရှိခြင်းကြောင့် အဆင်မပြေမှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေခဲ့သည်။

"အခုဆိုရင် ရန်ကုန်မြို့ပေါ်မှာ အရှိန်အဟုန်နဲ့ ပြောင်းလဲမှုတွေဆောင်ရွက်နေပါပြီ။ အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့  ဘတ်စ်ကားလိုင်းတွေပြုပြင်နေတယ်” ဟု ပြောခဲ့သည်။

ထို့ပြင် မြို့ပတ်ရထားအဆင့်မြင့်တင်မှုများဆောင်ရွက်နေပြီး ရန်ကုန်မြို့ပတ် Water Taxi ၊ Water Bus များ လုပ်ရန် ကြိုးပမ်းနေသည်ဟု တိုင်းဝန်ကြီးချုပ်ပြောခဲ့ပြီး အကောင်အထည်ဖော်မည့် Water Taxi၊ Water Bus များအတွက် လက်ရှိအချိန်တွင် တင်ဒါများ ခေါ်ယူထားပြီးဖြစ်ကာ ဆိပ်ကမ်းနေရာများသတ်မှတ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly