ဇန်နဝါရီ ၂၅ ။ ။ အမျိုးသားလုံခြုံရေးကိစ္စဆိုင်ရာ လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်စပ်လျင်း၍ အတည်ပြုချက်ပေးသွားတော့မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်သည်။
၎င်း ရည်ညွှန်းသွားသော အမျိုးသားလုံခြုံရေးကိစ္စတွင် အမေရိကန်-မက္ကဆီကိုအကြား နယ်စပ်တံတိုင်းတည်ဆောက်ရေးကိစ္စလည်း ပါဝင်သည်။
ကုန်သွယ်ရေးစာချုပ်များမှ နှုတ်ထွက်ခြင်း၊ ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း ဆိုင်ရာ အမိန့်ညွှန်ကြားချက်များ လက်မှတ်ထိုးထုတ်ပြန်ထားပြီးနောက် သမ္မတသစ် ထရမ့်အနေဖြင့် မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းကာရံရေးကိစ္စ ဖော်ဆောင်နိုင်ရေး အတည်ပြုလုပ်ဆောင်တော့မည်ဟုလည်း အိမ်ဖြူတော်က ထုတ်ပြန်သွားသည်။
ယနေ့ နေ့လည် ပြည်ထဲရေးဝန်ကြီးဌာနသို့ သွားရောက်ရာတွင် ထရမ့်က ယင်းကိစ္စများနှင့်စပ်လျင်း၍ ကြေညာသွားရန် ရှိနေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။
" အမျိုးသားလုံခြုံရေးကိစ္စတွေနဲ့ပတ်သက်လို့ လုပ်စရာကိစ္စအကြီးကြီးတွေ ကျွန်တော်တို့ မနက်ဖြန်လုပ်ဖို့ရှိပါတယ်၊ တံတိုင်းတည်ဆောက်မယ့် ကိစ္စအပါအဝင်ပေါ့" ဟု ထရမ့်က ယမန်နေ့က တွစ်တာမှတဆင့် ရေးသားထားခဲ့သည်။