ငြိမ်းချမ်းရေးကော်မရှင်နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် UNFC ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ကျင်းပနေ

ငြိမ်းချမ်းရေးကော်မရှင်နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် UNFC ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ကျင်းပနေ

ချင်းမိုင်၊ဇန်နဝါရီလ ၂၄ ။            ။ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၂၃ရက်နှင့် ၂၄ ရက်နေ့များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

“DPNနဲ့ NRPC တို့ရဲ့ ဆွေးနွေးမှုအနေအထားပေါ့နော်။ ဒါကို ဆက်လက်ပြီးမှ တွေ့ဆုံနိုင်ဖို့၊ နောက် အစိုးရဘက်ကလည်း ၂၁ ရာစုပင်လုံကို ဆက်လုပ်နိုင်ဖို့ သူတို့လည်း အရင်လိုနေတယ်။ ကျနော်တို့ဘက်ကလည်း ဒါကို မပျက်စေချင်ဘူး။ အဲဒီအတွက် ဒါကို ဆက်လက် လုပ်သွားနိုင်ဖို့၊ တချို့အချက်အလက်တွေက သဘောတူညီမှု သူတို့ အချင်းချင်း ညှိနှိုင်းထားတာတွေကို သူတို့ တင်ပြတယ်။ အဲဒီမှာ အဆုံးအဖြတ် ရယူပြီးတော့ လိုအပ်ရင် လိုအပ်သလို ဆက်လက် ဆွေးနွေးသွားနိုင်ဖို့ပေါ့နော်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်တယ်”ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

ယခုလကုန်ပိုင်းတွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယအကြိမ် ညီလာခံအတွက် ပြင်ဆင်ခြင်းနှင့် UNFC ညီလာခံ ကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

၂၁ ရာစုပင်လုံ ညီလာခံနှင့် ပတ်သက်၍ အစိုးရနှင့် DPN အကြား နားလည်မှု ရယူနိုင်ရန်အတွက် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သူက ပြောသည်။ “၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ နဲ့ပတ်သက်လို့ အစိုးရဘက်က ကျွန်တော်တို့နဲ့ လာညှိနေတာကိုး။ အဲဒီအပေါ်မှာ နားလည်မှုရပြီးရင် သဘောက အန်စီအေ ထိုးမလား။ ၂၁ ပင်လုံ တက်မလား။ အမှန်က တက်လိုတဲ့ဆန္ဒတော့ ရှိတယ်။ တစ်ချို့အချက်တွေမှာ အမြင်မတူတဲ့ အပိုင်းတွေမှာ ဒီမှာ အဆုံးအဖြတ်ရယူတဲ့ ပုံစံပါ” ဟု နိုင်ဟံသာက ပြောသည်။

ပထမနေ့ အစည်းအဝေးတွင် DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ဇန်နဝါရီလ ၁၃ ရက်နေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများကို တင်ပြခဲ့ပြီး တိုးတက်မှု ရှိလာခဲ့သည်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်မှ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၃ ဖွဲ့အား ငြိမ်းချမ်းရေးတွင် ပါဝင်ရန် ပြောဆိုမှုများရှိလာသဖြင့် ပြောင်းလဲမှု အနည်းငယ်ရှိလာသည်ဟု သူက ပြောသည်။

 “ဇန်နဝါရီ ၂၃မှာတော့ အလွတ်သဘောညှိနှိုင်းထားတဲ့ အခြေအနေတွေကို သူတို့ တင်ပြတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ပြန်သုံးသပ်တယ်။ လိုအပ်တဲ့အမြင်တွေ ပေးရတာပေါ့။ ၈ ချက်ကလည်း တော်တော်လေး နီးစပ်လာတဲ့သဘောတော့ ရှိတယ်။ ဒါပေမဲ့ အတည်တော့ မဖြစ်သေးဘူး”ဟု နိုင်ဟံသာက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့က နှစ်ဖက်အလွတ်သဘောတွေ့ဆုံမှုတွင် DPN ဘက်မှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံရန် တင်ပြခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်သာ ကျင်းပမည့် အစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေမှု အမြန်ဆုံး အဆုံးသတ်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားနိုင်ရန် နည်းလမ်းရှာသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

UNFC အရေးပေါ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်နေခြင်း ဖြစ်သည်။

UNFC ဥက္ကဌ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags