မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမအတွင်း လက်ကိုင်ဖုန်းများ ဂျာနယ် မဂ္ဂဇင်းများ ယူဆောင်ခြင်းမပြုရန် တားမြစ်

မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမအတွင်း လက်ကိုင်ဖုန်းများ ဂျာနယ် မဂ္ဂဇင်းများ ယူဆောင်ခြင်းမပြုရန် တားမြစ်

မကွေး၊ ဇန်နဝါရီ ၂၄ ။              ။ မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ လက်ကိုင်ဖုန်းများ၊ ဂျာနယ် မဂ္ဂဇင်းများ ယူဆောင်လာခြင်းအား အထူးအစည်းအဝေး (၁/၂၀၁၇) ပထမနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှစ၍ တားမြစ်လိုက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်မှ သတင်းရရှိသည်။

တယ်လီဖုန်းတွေနဲ့ ပုံတွေရိုက်တယ်။ ပြီးတော့ အွန်လိုင်းတင်ကြတယ်။ ဒီမှာရိုက်သွားတဲ့ပုံတွေ အပြင်ရောက်တယ်။ လွှတ်တော်ကို မသေချာမရေရာဘဲ ဝေဖန်တဲ့ပို့စ်တင်တယ်။ ဖုန်းတွေဆိုင်းလင့် မဖြစ်ဘဲ မြည်နေတာက ၂ ကြိမ် ၃ကြိမ်ရှိပြီ။ အဲဒါကြောင့်လည်း လမ်းညွှန်ချက် ထွက်လာတာပါ” ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ပြောသည်။

“ အခုလို ကန့်သတ်လိုက်တော့ နယ်သတင်းထောက်တွေအတွက် အခက်အခဲ ဖြစ်တာပေါ့။ အခုလွှတ်တော်မှာ သတင်းမယူနိင်တော့ဘူး။ ကိုယ့်မှာ ကင်မရာ မရှိဘူးလေ။ မရှိတော့ လွှတ်တော် သတင်းမရဘူး။ မရတော့ လွှတ်တော်ဆောင်ရွက်ချက်တွေ ပြည်သူကို ချမပြနိင်တော့ဘူး။ ဒီဖုန်းလေးနဲ့ သတင်းယူ ပုံရိုက်၊ ရုပ်သံယူ၊ တည်းဖြတ်၊ သတင်းပို့လုပ်နေတာ။  အခုတော့ ကင်မရာမပါရင် မဝင်ရဘူးဆိုတာ မဖြစ်သင့်ပါဘူး” ဟု မင်းဘူးမှ နယ်သတင်းထောက်တစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များသိရှိလိုက်နာရန် စည်းကမ်း ချက်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့ရက်စွဲပါအကြောင်းကြားစာဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ခဲ့ပြီး လွှတ်တော်အတွင်း ဖုန်းယူခွင့်မရှိကြောင်း တစ်ချို့သတင်းထောက်များအား ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

စည်းကမ်းချက်၇ချက်ပါဝင်သည့်အဆိုပါ အကြောင်းကြားစာ၏ အမှတ်စဉ်၃တွင် လွှတ်တော် အစည်းအဝေးခန်းမအတွင်းသို့ လွှတ်တော်အစည်းအဝေးနှင့် သက်ဆိုင်သော စာရွက်စာတမ်း များ မှအပ ဂျာနယ်၊ မဂ္ဂဇင်းနှင့် လက်ကိုင်ဖုန်းများ ယူဆောင်ခြင်းမပြုရန်ဟု ဖော်ပြထားသည်။

“ အရင်နှစ်လွှတ်တော်ကတည်းက လွှတ်တော်ခန်းမအတွင်းသို့ဖုန်းများယူဆောင်ခြင်းမပြုရပါဘူး တားမြစ်ကန့်သတ်တာကလည်း လွှတ်တော်ဥပဒေနည်းဥပဒေများ တွင်လည်း ပြဌာန်းထားပြီး ဖြစ်ပါတယ် ” ဟု တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်လှိုင်က ပြောသည်။

ယခုကဲ့သို့ကန့်သတ်မှုသည် ဒေသတွင်းရှိ သတင်းသမားအများစုအတွက် သတင်းရယူရာတွင် အခက်အခဲဖြစ်ပေါ်စေပြီး သတင်းသမားအများစုသည် ဖုန်းဖြင့်သာသတင်းရယူနေရကြောင်း မကွေးတိုင်းဒေသခံ သတင်းထောက်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly