ကိုလံဘီယာတွင် ရာပေါင်းများစွာသော တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ကျွဲရိုင်းသတ်ပွဲအား ဆန့်ကျင်ဆန္ဒပြ၍ ထိပ်တိုက်တွေ့မှုဖြစ်ပွား

ကိုလံဘီယာတွင် ရာပေါင်းများစွာသော တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ကျွဲရိုင်းသတ်ပွဲအား ဆန့်ကျင်ဆန္ဒပြ၍ ထိပ်တိုက်တွေ့မှုဖြစ်ပွား

ဘိုဂိုတာ၊ ဇန်နဝါရီ ၂၃ ။         ။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့လယ်ရှိ ဆန်တမ်မာရီယာအဆောက်အအုံပြင်ဖက်တွင် ရာပေါင်းများစွာသော တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ကျွဲရိုင်းသတ်ပွဲ
ပြန်လည်ကျင်းပခြင်းကို ဆန့်ကျင်ကာ ဆန္ဒပြကြသည်။

လေးနှစ်အတွင်း ပထမဆုံး ပြန်လည်ကျင်းပခြင်းအဖြစ် မြို့တော်အတွင်း ကျွဲရိုင်းသတ်ပွဲအား ကန့်ကွက်ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲနှင့် ပွဲလာကြည့်ပရိသတ်တို့ကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားသည်။

အဆိုပါဆန္ဒပြထိပ်တိုက်တွေ့မှုသည် ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားကာ ရဲက ဆန္ဒြုပသူများအား ထိန်းချုပ်နိုင်ရေး မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းခဲ့ရသည်။ ဆန္ဒပြသူများက “သားသတ်သမားများ” “ရက်စက်ယုတ်ကန်းသူများ”စသည့်ဖြင့် အော်ဟစ်ကြသည်။

ကျွဲရိုင်းသတ်ပွဲအား အရသာခံကြည့်လိုသူ လူချမ်းသာများနှင့် လူငယ်အများစုဖြစ်သည့် တိရစ္ဆာန်အရေးလှုပ်ရှားသူများကြား နက်နက်ရှိုင်းရှိုင်း လူမှုရေးကွဲပြားမှု၏ သက်ရောက်မှုအဖြစ် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားရခြင်းဖြစ်ကာ ဆန္ဒပြသူများအား ရဲက ဖမ်းဆီးမှုများလည်း ရှိသည်။

“ဒီပွဲကို ကြည့်ကြသူတွေက အသက်ကြီးသူတွေ၊ ရှေးရိုးစွဲအထက်တန်းလွှာတွေပဲ။”ဟု ကျွဲရိုင်းသတ်ပွဲကို ရက်စက်ကြမ်းကြုတ်မှုအဖြစ် သဘောထားသော အသက် ၁၇ နှစ်အရွယ် ဆန္ဒပြသူမိန်းကလေးတစ်ဦးက ပြောသည်။

ဘိုဂိုတာမြို့တော်တွင် ယခင်လက်ဝဲယိမ်းမြို့တော်ဝန်ဟောင်းက ကျွဲရိုင်းသတ်ပွဲများအား တရားမဝင်ကြောင်း ၂၀၁၂ ခုနှစ်အတွင်းက ကြေညာကာ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် ဖွဲ့စည်းပုံခုံရုံးက ယင်းပိတ်ပင်မိန့်ကို ပယ်ချကာ ကျွဲရိုင်းသတ်ပွဲများက ကိုလံဘီယာ၏ ယဉ်ကျေးမှုအစိတ်အပိုင်းဖြစ်ပြီး ပိတ်ပင်တားဆီးရန်မသင့်ဟု ဆုံးဖြတ်ပြဌာန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags