ကျောက်မဲမြို့အစိုးရစာသင်ကျောင်းများတွင် ရှမ်းစာပေသင် ဆရာ၊ ဆရာမများစာရင်း ပေးပို့ရန်စီစဉ်နေ

ကျောက်မဲမြို့အစိုးရစာသင်ကျောင်းများတွင် ရှမ်းစာပေသင် ဆရာ၊ ဆရာမများစာရင်း ပေးပို့ရန်စီစဉ်နေ
ဓာတ်ပုံ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (ကျောက်မဲ)

ဇန်နဝါရီ ၂၀ ။            ။ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းချိန်ပြင်ပြ ရှမ်းတိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ ဆရာမများ၏ လူအင်အားစာရင်း  မြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့ရန်စီစဉ်နေသည်ဟု သိရသည်။

တိုင်းရင်းသားစာသင်ကြားရေး ကြီးကြပ်မှုကော်မတီထံသို့ပေးပို့ရန် စီစဉ်နေကြောင်း ကျောက်မဲမြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရသည်။

“ဒီနှစ် စာသင်နှစ်အတွက် ရှမ်းစာသင်ပေးတဲ့ ဆရာ၊ ဆရာမများ စာရင်းကို ရှေ့တစ်ပတ်နောက်ဆုံးထားပြီး မြို့နယ်ပညာရေးမှူးရုံးကို ပေးပို့ရမှာ   ဖြစ်ပါတယ်။  တောင်းဆိုချင်တာကတော့   ကျောင်းတွင်းသင်ပညာရေး သတ်မှတ်ပေးစေချင်တယ်။ ဆရာမတွေ ပံ့ပိုးမှု တိုးပေးစေချင်တယ်။ တိုင်းရင်းသားစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီ ဒီထက်ပိုမိုအားကောင်းကောင်း လုပ်စေချင်ပါတယ်" ဟု ကျောက်မဲမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး နန်းခင်မာအေးက မဇ္ဈိမသို့ ပြောသည်။

၂၀၁၃ ခုနှစ်မှစတင်ကာ အခြေခံပညာရေးမူလတန်းကျောင်းများတွင် တိုင်းရင်းသားစာပေများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ကာ ရှမ်းလူမျိုးကလေးများသာမက အခြားတိုင်းရင်းသားကလေးများပါ သင်ယူကြောင်း သိရသည်။

အစိုးရ စာသင်ကျောင်းများတွင် ရှမ်းစာသင်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားစာပေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ သိရသည်။

“ရှမ်းတိုင်းရင်းသားစာပေ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကလေးများရှမ်းစာပေအခြေခံကို မူလတန်းကျောင်းအဆင့်တွင် ကျွမ်းကျင်စွာ တတ်မြောက်ရန် ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုကတော့ ကလေးများ အထူးသဖြင့် မြို့ပေါ်ကလေးများ ရှမ်းစကား အခြေခံ တတ်လာတယ်။ ဥပမာ နှုတ်ဆက်ခြင်း မိုင်ဆွန်ခမော်ဆွန်(မင်္ဂလာပါဆရာ) စသဖြင့် စာလည်းတတ်လာတယ်။ သီချင်းတွေဆိုတတ်လာတယ်။ ရှမ်းစကားပြောချင်လာကြတယ်။ ရွာမှာညအချိန် ရှမ်းစာသီးသန့်သင်ရတာ လျော့သွားတယ် " ဟု ကျောက်မဲမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အကြံပေး စိုင်းလှိုင်းဟန်က မဇ္ဈိမသို့ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကျောင်းချိန်ပြင်ပ ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးကို၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး စတင်သင်ကြားပေးလာခဲ့ပြီး ကျောင်းပေါင်း ၅၆ ကျောင်း၊ ဆရာ ဆရာမ အင်အား ၅၆ ယောက်၊ ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၁၂၅ ကျောင်း၊ ဆရာ ဆရာမ အင်အား ၂၁၈ ယောက်၊ ကျောင်းသား ကျောင်းသူ ၆၀၀၀ ကျော်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၈၈ ကျောင်း၊ ဆရာ ဆရာမ အင်အား ၁၄၇ ယောက်၊ ကျောင်းသား ကျောင်းသူ ၄၀၀၀ ကျော် သင်ယူခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ရှမ်းတိုင်းရင်းသားစာပေ သင်ကြားရေးအတွက် အစိုးရမှ အခမဲ့ပေးပို့လာသည့် ဖတ်စာ စာအုပ်များ လုံလောက်မှုမရှိသဖြင့် ကျောက်မဲမြို့နယ်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ   ပြည်တွင်း ပြည်ပစေတနာရှင်များထံ အလှူငွေ သိန်း ၆၀ ကျော်ဖိုး ကောက်ခံရရှိပြီး ဖတ်စာအုပ်ပေါင်း ၆၀၀၀ ကျော်ကို ထပ်မံဝယ်ယူကာ ရှမ်းစာပေသင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူပေါင်း အယောက်ပေါင်း ၆၀၀၀ ကျော်အတွက် အခမဲ့ ပြန်လည်ပေးဝေခဲ့သည်။ ယခုနှစ်တွင်မူ ကျောက်မဲမြို့နယ် ကျောင်းချိန်ပြင်ပ ရှမ်းတိုင်းရင်းသားစာပေ သင်ကြားရေးအတွက် အစိုးရမှ ပေးပို့လာသည့် ရှမ်းဖတ်စာ စာအုပ် G1 G2 G3 စာအုပ်များ စုစုပေါင်း ၆၅၆၂ အုပ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly