အခမဲ့ကားများ ဖောင်းပွမှုကြောင့့် ရန်ကုန်ဘတ်စ်ကားစနစ်ထိခိုက်မည်ကို စိုးရိမ်

အခမဲ့ကားများ ဖောင်းပွမှုကြောင့့် ရန်ကုန်ဘတ်စ်ကားစနစ်ထိခိုက်မည်ကို စိုးရိမ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အခမဲ့ကားများကို တကယ်လိုအပ်မှသာ ပြေးဆွဲစေချင်သည်ဟု  မဇ္စ္ဈိမကို ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

ရန်ကုန်ဘတ်စ်ကားစနစ်သစ်တွင် အခမဲ့ကူညီသော ကားများဖောင်းပွနေမှုကြောင့် ဘတ်စ်ကားစနစ်အပေါ် ထိခိုက်နိုင်မည်လားဆိုသည့်အပေါ်  စိုးရိမ်မှုများရှိနေပြီး အချို့ပြည်သူများအနေဖြင့် အခမဲ့ကားကိုသာ စောင့်ဆိုင်းစီးနင်းနေကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

“ဒီအခမဲ့ယာဉ်တွေ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့ကလည်း စေတနာနဲ့ လုပ်ကြတာပါ။ ဒါပေမယ့်လည်း မမျှော်လင့်တဲ့ ဘာလေးတွေဖြစ်လာလည်းဆိုတော့ တချို့ခရီးသွားတွေက   လိုင်းကားတွေလာတာတောင်မှ မစီးတော့ဘူး။ အခမဲ့ကားကိုပဲ စောင့်စီးတယ်။ အခမဲ့ကား Express ကားကြီးတွေ ပြေးတာတို့ ၊ တချို့ကားလေးတွေပြေးတာတို့ ၊ အဲဒီကားတွေကို စောင့်စီးတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ ကြာတော့ ဘာဖြစ်လာလဲဆိုတော့ လိုင်းကားက လူတွေက စိတ်တိုလာတာပေါ့။ တခါတလေကျ ဒီလိုင်းကားပေါ်က ဆင်းပြီး အခမဲ့ကားပေါ်ပြေးတက်သွားတာတို့ ရှိတယ်။ ဒီအခြေအနေကလည်း မကောင်းဘူးဗျာ”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဘတ်စ်ကားစနစ်သစ်အကူးအပြောင်းကာလတွင် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားရမည့်လမ်းကြောင်းကို သေချာသိရှိရန်လိုအပ်နေပြီး  ခရီးသွားပြည်သူအချို့အတွက်မူ  အခမဲ့ကားများမရှိလျှင် အဆင်သင့်မဖြစ်သေးကြောင်း လက်ရှိအခြေအနေအရ သိရသည်။

 “အခမဲ့ကားမရှိတော့ဘူးဆိုရင်တော့ သူတို့သွားရမှာ ဘယ်လိုပြောရမလဲ။ အခုဟာက အခမဲ့ကားရှိတဲ့အတွက် ဒီနေရာနဲ့ဒီနေရာရောက်တယ်ဆိုလို့ ရှိရင်သွားတယ်။ တချို့တွေကျတော့ ကုန်ကျစားရိတ်ရှိတယ်။ အဲဒီအတွက် အခမဲ့ကားမရှိဘူးဆိုရင်တော့ နည်းနည်းပိုပြီးတော့ ဒုက္ခရောက်မယ်ထင်တယ်။ ဒါပေမယ့် အခမဲ့ကားကလည်း အကုန်လုံး အားကိုးလို့မရဘူးလေ။ ဒီဟာက အခုလည်း ခဏလေးပဲဆိုတော့” သာကေတမြို့နယ်တွင် နေထိုင်သည့် မစုဝေဖြိုးက ပြောသည်။

လက်ရှိအချိန်တွင် ခရီးသည်များအနေဖြင့် လိုင်းကားများကိုပိုမိုအားကိုးလာနိုင်စေရန် စေတနာ့ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အခမဲ့ကားများအနေဖြင့် သတ်မှတ်ထားသော ယာဉ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန် YBS မှ ဆော်သြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly