မုံရွာ၊ ဇန်နဝါရီ ၁၉။ ။ မုံရွာမြို့တွင် တမူး-မုံရွာ- ရန်ကုန် ခရီးသည်တင်ကားပေါ်မှ တရားမဝင် မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုးကို ဇန်နဝါရီ ၁၈ ရက် ညသန်းခေါင်ကျော်အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။
မုံရွာမြို့၊ ချင်းတွင်းတံတားအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် တမူး-မုံရွာ- ရန်ကုန် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ရာ ယာဉ်မောင်းထိုင်ခုံနောက်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
" ဘိန်းစိမ်းလို့ယူဆရတဲ့အရာများနဲ့ WY ၁၆၆ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင် အိမ်သုံးဆေးဝါးတွေကိုလည်း ဖမ်းမိခဲ့ပါတယ်" ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ခရီးသည်တင်ယာဉ်မောင်းထိုင်ခုံ နောက်မှ ချိတ်ထားသည့်လွယ်အိတ်အတွင်းမှ ဘိန်းစိမ်းဟုယူဆရသော အနက်ရောင်အစေးနှင့် စိတ်ကြွဆေးဝါးများ စုစုပေါင်း ၂၃ သိန်းကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ခရီးသည်တင်ယာဉ်မောင်း ၃ ဦးအား မုံရွာမြို့မရဲစခန်း မယ(ပ)၂/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။