ကြံ့ခိုင်ရေးပါတီ ရာနှုန်းပြည့်နိုင်ရမည်ဟု ဦးဌေးဦး ယုံကြည်

ကြံ့ခိုင်ရေးပါတီ ရာနှုန်းပြည့်နိုင်ရမည်ဟု ဦးဌေးဦး ယုံကြည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဌ ဦးဌေးဦး(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ ဇူလိုင် ၂၂ ။   ။ လာမည့် နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရာနှုန်းပြည့် အနိုင်ရမည်ဟုယုံကြည်ကြောင်း ပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦးက  ဇူလိုင် ၂၂ ရက်တွင် ပြောကြားလိုက်သည်။  

စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် လက်ရှိ အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲဆန္ဒ နယ်စုစုပေါင်း (၁၁၇၁)နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးဌေးဦးက  “မနိုင်ဘဲနဲ့တော့ ဘယ်သူက ဝင်ပြိုင်မှာလဲ၊ မနိုင်ဘဲနဲ့တော့ အိမ်ပြည့် မပြိုင်ပါဘူး။ ရာနှုန်းပြည့်နိုင်မယ်လို့ ယုံကြည် တယ်” ဟု သတင်းထောက်များကို ပြောသည်။

လက်ရှိမဲဆန္ဒနယ်ဖြစ်သော ဧရာဝတီတိုင်း၊ ဟင်္သာတကပင် ထပ်မံယှဉ်ပြိုင်မည်လားဟု မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးဌေးဦးက “ကျွန်တော်လည်း အဲ့ဒီလိုပဲစဉ်းစားတာပေါ့လေ၊ အတည်မှ မဖြစ်သေးဘဲကိုး” ဟုသာ ဖြေကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ တပ်မတော်မှ ကိုယ်စားလှယ်လောင်းစာရင်း (၁၄ဝ) ကျော် ပေးထားရာ ယာယီ စာရင်းအရ (၅၇) ဦး ရွေးချယ်ထားပြီး ထပ်မံလျော့ကျဖွယ်ရှိကြောင်း၊ အစိုးရအဖွဲ့က  ၅ဝ ကျော် စာရင်းပေးထားပြီး ၄ဝ ကျော်သာ လက်ခံထားကြောင်း ပါတီ  ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏တရားဝင် ဝက်ဆိုက်ဒ် တွင်ဖော်ပြထားသည်။

လက်ရှိတွင် ပါတီ၏ ကိုယ်စားလှယ်လောင်းများကို အဆင့်ဆင့်စိစစ်လျက်ရှိပြီး ကိုယ်စားလှယ်လောင်းစာရင်းမှာ အဆင်သင့် နီးပါးဖြစ်နေပြီဟု ဦးဌေးဦးက ပြောသည်။

သို့သော် ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဩဂုတ်လ ၈ရက်မှသာ တင်ပြမည်ဟုဆို သည်။

ဩဂုတ်လ ၈ရက်သည် နိုင်ငံရေးပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းစာရင်း ကိုနောက်ဆုံးထားပေးပို့ရမည့်နေ့ အဖြစ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly