SSPP/SSA ဌာနချုပ်ကို ဖြတ်သန်းဖောက်လုပ်မည့် ကားလမ်းကိစ္စ တပ်မတော်နှင့် ညှိနှိုင်းနေဆဲ

SSPP/SSA ဌာနချုပ်ကို ဖြတ်သန်းဖောက်လုပ်မည့် ကားလမ်းကိစ္စ တပ်မတော်နှင့် ညှိနှိုင်းနေဆဲ

ချင်းမိုင်၊ ဇန်နဝါရီ ၁၄ ။           ။  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းလက်နက်ကိုင်အဖွဲ့(SSPP/SSA)ဌာနချုပ်ကို ဖြတ်သန်း၍ တည်ဆောက်မည့် ကားလမ်းနှင့် ပတ်သက်၍ ပဋိပက္ခ မဖြစ်ပွားရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု SSPP/SSA အရာရှိက မဇ္ဈိမကို ပြောသည်။

 မိုင်းရှူးမြို့- တန့်ယန်း ကားလမ်းပေါ်ရှိ လွယ်နိင်းမှ သံလွင်မြစ်ကမ်းခြေထိ သွားသော ကားလမ်းဟောင်းပြုပြင်ရန် တပ်မတော်ဘက်မှ ပြင်ဆင်နေမှုနှင့် ပတ်သက်၍ SSPP/SSA ဘက်မှ ကိုယ်ထူကိုယ်ထ   ဆောက်လုပ်ရန် တင်ပြမှုအပေါ် သက်ဆိုင်ရာ အာဏာပိုင်များက လက်မခံသဖြင့် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်ဟု သူက ပြောသည်။

 “ပြေလည်အောင်တော့ ညှိရမှာပဲ။ ထိတိုက်မဖြစ်အောင် ညှိမယ်။ ကျနော်တို့ဘက်က ကိုယ်ထူကိုယ်ဆောက်မယ်လို့ တင်ပြတယ်။ ဒါပေမဲ့ သူတို့က လက်မခံဘူးလေ၊ ကျနော်တို့ လူကြီးတွေကတော့ ထိတိုက်မတွေ့အောင်တော့ ထိန်းသိမ်းပြီးတော့ ညှိနှိုင်းသွားမှာပေါ့နော်”ဟု ၎င်းက ရှင်းပြသည်။

 SSPP/SSA သည် အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

 SSPP/SSA က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA )ကို အားလုံးပါဝင်မှ လက်မှတ်ရေးထိုးရေးမူကို ဆက်လက် စွဲကိုင်သွားဖြစ်ပြီး နိုင်ငံရေးကို ငြိမ်းချမ်းသော နည်းဖြင့်   ဖြေရှင်းရန် ၎င်းတို့၏ မကြာမီရက်ပိုင်ကမှ ပြုလုပ်ခဲ့သော ဗဟိုကော်မတီစုံညီ နှစ်ချုပ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

 SSPP အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး၊ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး “တိုက်ပွဲတွေ ရပ်တန့်ပြီးတော့ နိုင်ငံရေးဆွေးနွေးသွားဖို့ လမ်းစရှိတာပေါ့။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ဆွေးနွေးမယ့်အစား တိုက်ပွဲရပ်တန့်ဖို့ပဲ ပြောချင်တယ်”ဟု SSPP/SSA မှ ထိပ်ပိုင်း အရာရှိတစ်ဦးက ပြောသည်။

 SSPP/SSA က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်ထိ ဗဟိုကော်မတီစုံညီနှစ်ချုပ် အစည်းအဝေးကို ဌာနချုပ်တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင်လည်း နိုင်ငံရေး ပြဿနာကို အကြမ်းဖက်သော ရှင်းမြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိစေရန် လုပ်ဆောင်သွားရန် အပါအဝင် အချက် ၅ ချက်ကို ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့သည်ဟု ဇန်နဝါရီလ ၁၁ ရက်က သဘောထားထုတ်ပြန်ထားသည်။

 ယင်းအပြင် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး တက်ကြွစွာပါဝင်ရန်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေး အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် စသည့် သဘောထားများ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 SSPP/SSA သည် NCA လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပြီး UNFCမှ ဖွဲ့စည်းထားသော  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ အချက် ၈ ချက်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်သို့ တင်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required