ဇန်နဝါရီ ၁၄ ။ ။ မိမိလက်ထက်အရောက်တွင် ရုရှအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးကောင်း ပေးနိုင်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အရိပ်အမြွတ် ပြောကြားသွားသည်။
အလားတူ ပေကျင်းအစိုးရအနေဖြင့် ယင်း၏ နိုင်ငံသုံးငွေကြေးနှင့် ကုန်သွယ်မူဝါဒများကို တိုးတက်စေနိုင်ခြင်း မရှိပါက တရုတ်၏ "One China" ပေါ်လစီကို ထောက်ခံနိုင်တော့မည်မဟုတ်ကြောင်း ထရန့်က သတိပေးလိုက်သည်။
ဒေါ်နယ်ထရန့်က ဝေါစထရိဂျာနယ်သို့ အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းလည်း ဖြစ်သည်။
သို့သော် သမ္မတအိုဘားမား လက်ထက် ရုရှအပေါ် အရေးယူချမှတ်ထားမှုများကို မိမိအနေဖြင့် အချိန်အတိုင်းအတာတစ်ခု ယူကာ စောင့်ကြည့်သွားရဦးမည်ဖြစ်ကြောင်းလည်း ထရန့်က ပြောသည်။
အကယ်၍ အစွန်းရောက်အကြမ်းဖက်မှုကို တိုက်ဖျက်ခြင်းကဲ့သိ့ု အမေရိကန်၏ အဓိကရည်မှန်းချက်များကို ရုရှဘက်က ကူညီပေးနေသည်ဆိုပါက ၎င်းအနေဖြင့် ရုရှတို့အပေါ် ပိတ်ဆို့ထားမှုများကို ပယ်ဖျက်ပေးကောင်းပယ်ဖျက်နိုင်မည်ဖြစ်ကြောင်း အရိပ်အမြွတ်ပြောသွားခဲ့သည်။
အလားတူ ဇန်နဝါရီ ၂၀ တရားဝင် သမ္မတဖြစ်ပြီးနောက်တွင်လည်း ရုရှသမ္မတ ပူတင်နှင့် တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ထရန့်က ဆိုသည်။