ရတနာနှင်းဆီအိမ်ရာ လစဉ်ကြေး ၅၀၀၀၀ နှင့် အထက် ကျသင့်နိုင်ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်

ရတနာနှင်းဆီအိမ်ရာ လစဉ်ကြေး ၅၀၀၀၀ နှင့် အထက် ကျသင့်နိုင်ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်

ရန်ကုန်၊ ဇန်နဝါရီ ၃ ။  ။ တန်ဖိုးနည်း အိမ်ရာ အကောင်အထည်ဖော်မည့် ရည်မှန်းချက်ချက်ဖြင့် ရန်ကုန်တိုင်း အစိုးရက အကောင်အထည်ဖေါ်နေသည့် ရတနာနှင်းဆီ အိမ်ရာသည် တန်ဖိုးနည်းအိမ်ရာ မဟုတ်ဘဲ အလယ်အလတ် ဝင်ငွေရှိသူတွေများအတွက် ရည်ရွယ်တည်ဆောင်ခြင်းသာဖြစ်ကြောင်း မြို့ပြ နှင့် အိုးအိမ်ဦးစီးဌာနမှ ဦးစီးအရာရှိ မဝတ်ရည်သွယ်က မဇ္ဈိမကို ပြောသည်။ 

ရတနာနှင်းဆီအိမ်ရာတွင် အိမ်ခန်းတစ်ခန်းကို သိန်း (၆၀၀) မှ သိန်း(၁၂၀၀)အထိ အခန်းအနေအထားပေါ်မူတည်၍ ခွဲခြားထားပြီး (၁၈)ထပ်တိုက် နှစ်လုံးမှ အိမ်ခန်းပေါင်း (၅၅၂)ခန်းကို ရောင်းချပေးလျက်ရှိပြီး အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်သည်။

ယင်းအိမ်ရာ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အချိန်အထိ အိမ်ခန်းများ၏ ၃၀ရာခိုင်နူန်း (၁၅၆ခန်း) ကို ရောင်းချပြီးဖြစ်ကြောင်းလည်း မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနမှ ဦးစီးအရာရှိ မဝတ်ရည်သွယ်က ပြောသည်။

“ကျွန်မတို့ ဒီအိမ်ရာကကျတော့ အားလုံးပေါ့။ အဆင့်မြင့်မြင့် လူတွေနေထိုင်နိုင်ဖို့ စီစဉ်ပေးထားတယ်။ ဒီမှာရှိတဲ့ဟာသည် လေဒဏ်မိုးဒဏ်ခံနိုင်ရမယ်။ ငလျင်ဒဏ်လည်းခံနိုင်ရမယ်။ ပြီးတော့ အဆင့်မြင့်မြင့်နေထိုင်နိုင်အောင်အတွက် တည်ဆောက်ထားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဝယ်ယူနေထိုင်သူများအနေဖြင့် အခန်းဝန်ဆောင်မှုအတွက် လစဉ်ကြေးကို ၅သောင်းအထက်မှ ၁သိန်းအောက် သတ်မှတ်ထားပြီး အဆိုပါ လစဉ်ကြေးအပေါ်လည်း ဝေဖန်မှုအချို့ ရှိနေသည်။ 

အဆိုပါ အိမ်ခန်းထိန်းသိမ်းခနှင့်ပတ်သက်၍ “ တကယ့်တကယ်ကတော့ ဒီFee (အိမ်ခန်းထိန်းသိမ်းခ) တွေက နည်းလေကောင်းလေပဲပေါ့။ အကျိုးအမြတ်မယူဘဲနဲ့ပေါ့” ဟု အိမ်ခန်းလာရောက်ဝယ်ယူသူ ဦးသန်းစိုးကပြောသည်။

၂၀၁၆ ဒီဇင်ဘာ ၂၄ရက်မှာ စတင်ဖွင့်လှစ်ခဲ့သည့် ရတနာနှင်းဆီအိမ်ရာကို စင်္ကာပူအခြေစိုက် Surbana Jurong ကုမ္ပဏီ က ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly