အားသာချက်၊ အားနည်းချက်များ ရောထွေးနေတဲ့ ဒုက္ခသည် နေရပ်ပြန်ရေး ရှေ့ပြေးစီမံကိန်း

အားသာချက်၊ အားနည်းချက်များ ရောထွေးနေတဲ့ ဒုက္ခသည် နေရပ်ပြန်ရေး ရှေ့ပြေးစီမံကိန်း
ကရင်ပြည်နယ် မြဝတီမြို့မှ သုံးမိုင်ခန့်အကွာရှိ လေးကေကော်မြို့သစ်တွင် တွေ့ရသော ဒုက္ခသည်တို့အတွက်  နေအိမ်များ  (ဓာတ်ပုံများ - သော်တာဇော်)

လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက ဒေါ်လှကြည်ထံတွင် ရှိခဲ့သည့် စိတ်ကူးယဉ်အိပ်မက်မှာ ယခုအခါ အမှန်တကယ် အကောင်အထည် ပေါ်လာပြီဖြစ်သည်။

တပ်မတော်နှင့် ကေအင်န်ယူအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ   ဒေါ်လှကြည်တစ်ယောက်သားသမီးများကို လက်ဆွဲပြေးလွှားရင်း ထိုင်းနိုင်ငံဘက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ဆယ်စုနှစ်တစ်ခုကြာခိုလှုံခဲ့ရသည်။ နှစ်ပေါင်းများစွာပျော်ရာမှာမနေရ၊ တော်ရာမှာနေရသည့် သူ့အဖိုု့ ကိုုယ့်နိုုင်ငံဘက် ပြန်ချင်စိတ်ကသာ ကြီးစိုးနေခဲ့သည်။

နှစ်နိုင်ငံအစိုးရသဘောတူညီချက်ဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး အစီအစဉ်အရ ပထမဦးဆုံးရှေ့ပြေးစီမံကိန်း အနေဖြင့် အောက်တိုုဘာလတွင် ပြည်တော်ပြန်လာကြသော နီု့ဖိုးစခန်းမှ ဒုက္ခသည် ၆၅ ဦးထဲတွင် အဘွားဒေါ်လှကြည်တိုု့ မိသားစုုလည်း ပါဝင်သည်။

“ပြန်မယ့်ရက်ကျမှ နေမကောင်းဖြစ်နေလို့ နောက်တစ်သုတ်မှ အမိုးကို ပို့မယ်ဆိုတာကို ပြန်ချင်တယ် ၊အမိုးကိုပို့ပါဆိုလို့ သူတို့ကပို့တာ၊ အခု အမိုး စိတ်ချမ်းသာတယ်”ဟုနိုုဝင်ဘာလကုုန်ပိုင်းတွင် ဒေါ်လှကြည်က ပြောပြသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကုလသမဂ္ဂအဖွဲ့တစ်ခုက ပြည်တော်ပြန် ဒုက္ခသည်တစ်ဦးချင်းစီကို သုံးလစာအသုံးစရိတ်အဖြစ် ကျပ် သုံးသိန်းကျော်နှင့် ညီမျှသည့်ဘတ် ၈,၃ဝဝထောက်ပံ့သည်။ ထို့ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကကျပ် သုံးသိန်းစီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျပ်တစ်သိန်းစီထောက်ပံ့သည်။ ထိုငွေပမာဏသည် ၎င်းတို့၏ စားရေးသောက်ရေးကို လအနည်းငယ်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ဒေါ်လှကြည်က ဝင်ငွေရှိသူသားဖြစ်သူကို မှီခိုနိုင်သော်လည်းသူနှင့် အတူပြန်လာသူအိမ်နီးချင်း ဒေါ်ရှုမဝအတွက်ကတော့ ရပ်တည်ရေးအတွက် စိတ်ပူနေရသည်။

“ရေရှည်ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟုဒေါ်ရှုမဝက တွေးတွေးဆဆ ဆိုသည်။  

ထိုုင်းနိင်ငံတွင် ဒေါ်လှကြည်၊ ဒေါ်ရှုမဝတို့ကဲ့သို့ မြန်မာဒုက္ခသည်ဦးရေ တစ်သိန်းနှင့် သုံးထောင်ခန့် ရှိနေသည်။ လွန်ခဲ့သည့် ၆ နှစ်ကစတင်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်နေပြီး ဒုက္ခသည်များ တတိယနိုင်ငံတစ်ခုခုသို့ သွားရောက် အခြေချနိုင်သည့် အခွင့်အလမ်းနည်းပါးနေချိန်တွင် ရွေးချယ်စရာအဖြစ် ကျန်ရစ်သည်မှာနေရပ်ရင်း ပြန်လည် အခြေချရေး ဖြစ်လာသည်။

သို့သော်လည်းရှေ့ပြေးစီမံကိန်းရလဒ်ကို ကြည့်လျှင်ပမာဏများပြားလှသော ဒုက္ခသည်များကို ကြိုဆိုနေရာချထားရေး၊ ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ အစိုးရအတွက်ရော ကာယကံရှင်များအတွက်ပါ ဆက်လက်လျှောက်လှမ်းရဦးမည့် ခရီးရှည်ကြီးတစ်ခုုဖြစ်နေကြောင်း တွေ့ရသည်။

ပြန်လည် နေရာချထားရေး

ဒေါ်လှကြည်သည် မြဝတီမြို့မှ သုံးမိုင်ခန့်အကွာတွင် တည်ရှိသော လေးကေကော်မြို့သစ်တွင် နေရာတစ်ခုရထားသည်။  ထိုမြို့သစ်ကိုစစ်ရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရန်၊   ကေအင်န်ယူအဖွဲ့ဝင်မိသားစုများ အခြေချရန် တည်ထောင်ထားခြင်းဖြစ်သည်။

ဆန္ဒအလျောက် မြန်မာနိုင်ငံပြန်လိုသူများ၏ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေးတို့အတွက် အစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ကကူညီထောက်ပံ့မည်ဟုဆိုထားသည်။

ပထမအကြိမ် ပြန်လည်ဝင်ရောက်လာသူ ၆၅ဦးသည် နို့ဖိုးဒုက္ခသည်စခန်းမှဖြစ်ပြီး အမျိုးသမီး ၃၅ဦး၊ အမျိုးသား ၃ဝပါဝင်ကြောင်း၊ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ပေးသည့် ကဏ္ဍများတွင်အမျိုးသမီးများကို နှစ်သိမ့်ဆွေးနွေး နားထောင်ပေးခြင်းနှင့် ကလေးပျော် အစီအစဉ်များ ပါဝင်ကြောင်းမြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးမြင့်ဇော်ကပြောသည်။

အမျိုးသမီးအများစုကအိမ်နေရာပြန်လည်တည်ဆောက်ရေး၊ စားဝတ်နေရေးတို့အတွက် အဓိကစိုးရိမ်ပူပန်သည်ဟု ဖွင့်ဟကြကြောင်း၊ ၎င်းတို့ဝင်ငွေရရှိရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် သီးခြားအစီအစဉ်များ ဖြစ်ပေါ်မလာသေးကြောင်းဦးမြင့်ဇော်ကဆိုသည်။

“တကယ်တော့ အကူအညီပေးရေးတို့၊ လူမှုရေးလုပ်ငန်းတွေ တော်တော်များများမှာ နောက်ဆက်တွဲစောင့်ရှောက်မှုဆိုတာရှိရတယ်။ သူ့အကန့်အသတ်နဲ့သူ၊ သူ့လုပ်ထုံးလုပ်နည်းလေးတွေရှိတယ်”ဟုဦးမြင့်ဇော်က ရှင်းပြသည်။

မြဝတီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာနညွှန်ကြားရေးမှူး ဦးတင်မောင်ဝေက ဒုက္ခသည်တို့ နေရပ်ရင်းပြန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအပါအဝင် ပညာရေး၊ ကျန်းမာရေးတို့အတွက် ဌာနဆိုင်ရာအလိုက် လုပ်ဆောင်ပေးခဲ့ကြသည်ဟု ဆိုသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း နောက်ဆက်တွဲစောင့်ကြည့်ရေးအတွက် မည်သည့်ဌာနက တာဝန်ယူမည်ဟူူသော ညွှန်ကြားချက် မရရှိသေးကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

တစ်ချိန်တည်းမှာပင် တနင်္သာရီတိုင်းဒေသကြီးအနီးရှိ ထမ့်ဟင်းဒုက္ခသည်စခန်းမှလည်း ဆန္ဒအလျောက် နေရပ်ပြန်ကြသူ၆ ဦးရှိသည်ဟု UNHCR ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ပြန်လည်ဝင်ရောက်လာသူ အားလုံးအတွက် နေရာထိုင်ခင်း အဆင်ပြေချောမွေ့နေသည်တော့ မဟုတ်ပါ။

အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရသူတို့မှာရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ဒုက္ခသည် ၁၅ ဦးဖြစ်သည်။ အိမ်ထောင်စု အနေဖြင့်လေးစုပါဝင်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဂိုဒေါင်တစ်ခုအတွင်း တန်းစီထားသည့် သစ်သားခုတင်ငယ်လေးများတွင် သူတို့ နေထိုင်လျက်ရှိပြီး အိမ်နေရာမချထားနိုင်သေးမီ ဌာနက တစ်ဦးကို ကျပ်သုံးထောင် နေ့စဉ်ထောက်ပံ့ပေးထားသည်။ ဂိုဒေါင်ထဲတွင် တစ်လကျော်ကြာပြီဖြစ်သော ဒေါ်ခင်စန်းရီက အနာဂတ်အတွက် စိုးရိမ်ပူပန်နေရသည်။ အရစ်ကျငွေသွင်းပြီးတန်ဖိုးနည်းအိမ်ရာဝယ်ယူရန် အစိုးရက စီစဉ်ပေးသော်လည်း ကနဦးပေးသွင်းရမည့် သိန်းသုံးဆယ်ကို သူတို့မိသားစုမည်သို့မျှ လက်လှမ်းမမီနိုင်ချေ။

“ဘာမှသေချာ စီစဉ်ထားတာမရှိသေးဘူး။ ကိုယ့်နိုင်ငံခေါ်ပြီး တန်ဖိုးနည်းတိုက်ခန်းရောင်းနေသလိုပဲ။  ကိုယ့်ဆီ ပြန်လာတော့မှ ဂိုဒေါင်ထဲနေရတော့တယ်”ဟု ဒေါ်ခင်စန်းရီက စိတ်ပျက်လက်ပျက်ဆိုသည်။

သုံးလေးကြိမ် လာရောက်တွေ့ဆုံသွားသော ရန်ကုန်ရှိ UNHCR ရုံးကိုယ်စားလှယ်များက တစ်စုံတစ်ရာ စီစဉ်ပေးလေမည်လားဟုလည်း သူတို့က မျှော်လင့်နေကြသည်။

ရန်ကုန်တွင်သောင်တင်နေသူများအနက် ကိုအေးလွင်၏ အိမ်ထောင်စုတွင် ကလေး ၄ ယောက်အပါအဝင် မိသားစု ၆ ဦးရှိသည်။ ကိုအေးလွင်သည် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရမည်ကို စိုးရိမ်သည့်အတွက်  ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသူဖြစ်သည်။

ကိုအေးလွင်၏ အကြီးဆုံးကလေးက မြဝတီမြို့ရှိ အဘိုးအဘွားတို့အိမ်တွင် ရှိနေပြီး အထက်တန်းကျောင်းတက်ရောက်နေရသည်။ ရန်ကုန်ရှိ ဂိုဒေါင်ထဲတွင် ရောက်နေသောသူ၏ မောင်လေး၊ ညီမလေးတို့ကတော့ ကျောင်းဆက်မတက်နိုင်သေးပေ။

“ကလေးတွေ ပညာရေးကိုမျှော်မှန်းပြီးကိုယ့်နိုင်ငံကိုပြန်လာတာ။ ခုတော့ အငယ်လေးတွေက ကျောင်းတစ်နှစ်နားရမယ့် အခြေအနေဖြစ်နေပြီ” ဟု ကိုအေးလွင်ကမျှော်လင့်ချက်မဲ့စွာဖြင့် ဆိုုသည်။

ပြန်လည်ထူထောင်ရေး

ထိုင်းနိုင်ငံရောက် ဒုက္ခသည် အများအပြားသည် မိမိနိုုင်ငံပြန်လာလိုကြသည်။ ပထမအသုတ်၏အခြေအနေ၊ အတွေ့အကြုံအကြောင်း ကြားသိရသူများထဲမှ တချို့ကနေရပ်ပြန်ရန် ချီတုံချတုံဖြစ်နေကြသည်။

ဆန္ဒအလျောက်နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေးမှု မရှိကြောင်းကရင် ဒုက္ခသည်များ ဆိုင်ရာကော်မတီက ဆိုသည်။ ထိုအဖွဲ့သည် ဒုက္ခသည်တို့ကို နှစ်ပေါင်း ၃ဝကျော်ကြာကူညီခဲ့သည့် အတွေ့အကြုံရှိသော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

လက်ရှိအခြေအနေတွင် ဒုက္ခသည်များနေရပ်ပြန်လည် အခြေချရေးအစီအစဉ်တို့မှာ အဆင့်သင့်မဖြစ်သေးကြောင်းကော်မတီဝင် နော်ဘလူးမင်းနိုက်ဇာကဆိုသည်။

“မိမိဆန္ဒအလျောက်ပြန်တယ်ဆိုပေမယ့် သတင်းအချက်အလက်တွေကို သေချာမသိရသေးဘဲနဲ့ ထောက်ပ့ံငွေလေးရကြပြီး ပြန်တယ်ဆိုတာနဲ့ မလုံလောက်ဘူး။ ဘယ်အပိုင်းတွေကို ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းအချက်အလက်တွေရရှိမှ ပြန်ဖို့သင့်တယ်”ဟု သူကဆိုသည်။

ပြည်တော်ပြန်တို့အတွက် အရေးကြီးသည့် အချက်တစ်ခုမှာ ပြန်လည်ထူထောင်ရေးဖြစ်သည်။ ၎င်းတို့အတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိရေးအတွက် ကူညီမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ဆိုသည်။ ဒုက္ခသည်တို့ကမူ အလုပ်အကိုင်ရရှိရေးအတွက် အစိုးရဘက််က ကမ်းလှမ်းမှုမရှိသေးကြောင်း ပြောပြကြသည်။   

ထောက်ပံ့ငွေကလည်းစားသောက်ကုန် နှင့်လိုအပ်သည့် ပစ္စည်းပစ္စယများ ဝယ်ယူပြီးနောက် လျော့ပါးလာသည်။

ထောက်ပံ့ငွေ ကုန်သည့်အခါစားဝတ်နေရေးအတွက် မြက်ရိတ်ပြီးဝင်ငွေရှာဖို့ စဉ်းစားထားသည်ဟု နယ်စပ်ဒုက္ခသည်စခန်းတွင် နှစ်ပေါင်းများစွာခိုလှုံခဲ့သူ ဒေါ်ရှုမဝက အားမလျှော့တမ်းဆိုသည်။  ပြန်လည်ထူထောင်ရေးအတွက် ထောက်ပ့ံပေးမည်ဆိုပါက သူ့တွင် ဆန္ဒတစ်ခုရှိသည်။

“တပိုင်တနိုင်မွေးမြူရေးလေး လုပ်ချင်တယ်။ နေပူထဲလည်းမထွက်ရဘူး၊ စားဖို့သောက်ဖို့တော့ဖြစ်တယ်လေ”ဟုဒေါ်ရှုမဝက မျှော်လင့်တကြီးပြောလိုက်သည်။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly