ပေကျင်း၊ ဒီဇင်ဘာ ၃၀ ။ ။ လာမည့်လတွင် ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်က လက်တင်အမေရိကသို့ အလည်အပတ်ခရီးသွားရောက်ရာ၌ အမေရိကန်မှ ခရီးထောက်နားကာ အကူးအပြောင်းလုပ်မည်ကို အမေရိကန်အနေဖြင့် ခွင့်မပြုရန် တရုတ်က တိုက်တွန်းလိုက်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်၏ လွတ်လပ်ရေးနှင့်ပတ်သက်ကာ မည်သည့် လုပ်ဆောင်ချက်မျိုးကိုမျှ မှားယွင်းပြုလုပ်လိမ့်မည် မဟုတ်ဟု မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသို့ ပေးပို့သည့် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
လွတ်လပ်ရေးကို လိုလားလုပ်ဆောင်လာမည်ဟု တရုတ်က ကောက်ချက်ချထားသော ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်က ဟွန်ဒူရပ်စ်၊ နီကာရာဂွါ၊ ဂွါတီမာလာနှင့် အယ်ဆာဗာဒိုနိုင်ငံများသို့ သွားရောက်လည်ပတ်ရာတွင် အမေရိကန်မှ တစ်ဆင့် အကူးအပြောင်းလုပ်ရမည်ဖြစ်သည်။ ဇန်နဝါရီ ရ ရက်က စတင်ပြီး ခရီးစဉ်ထွက်ခွာမည်ဖြစ်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်ဝမ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က သမ္မတရုံးက ထုတ်ပြန်သည်။
ထိုသို့ အမေရိကန်တွင် ခရီးထောက်ကာ သွားရောက်လည်ပတ်ခြင်းက တရုတ်အတွက် လက်သင့်မခံစရာဖြစ်ကာ ထိုင်ဝမ်သမ္မတ၏ ခရီးတစ်ထောက်နားခြင်းကို ခွင့်မပြုရန် အမေရိကန်ကို တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်အား ၎င်းပိုင်ပြည်နယ်တစ်ခုအဖြစ်သာ ရှုမြင်ထားခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့်လည်း ၁၉၇၉ ခုနှစ်မှစကာ တရုတ်၏ One China မူဝါဒကို အသိအမှတ်ပြုကာ ထိုင်ဝမ်အား တရုတ်ပိုင် အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ဆံခဲ့ခြင်းဖြစ်သည်။