သံသယရှိသူကို ရဟတ်ယာဉ်ပေါ်က ကန်ချခဲ့ဖူးဟု အကျင့်ပျက်အရာရှိများကို ဒူတာတေး ခြိမ်းခြောက်

သံသယရှိသူကို ရဟတ်ယာဉ်ပေါ်က ကန်ချခဲ့ဖူးဟု အကျင့်ပျက်အရာရှိများကို ဒူတာတေး ခြိမ်းခြောက်

မနီလာ၊ ဒီဇင်ဘာ ၂၉ ။         ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အဂတိလိုက်စားသောအရာရှိများကို ကောင်းကင်အလယ် ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချပစ်မည်ဟု ခြိမ်းခြောက်ကာ ယခင်ကလည်း ယင်းသို့လုပ်ဆောင်ခဲ့ဖူးပြီးဖြစ်ကြောင်း ပြောသည်။

"ခင်ဗျားက လာဘ်စားအကျင့်ပျက်ပြီလား။ ဒါဆို ရယာဉ်နဲ့ ခင်ဗျားကို မနီလာခေါ်သွားမယ်။ ပြီတော့ ရယာဉ်ယာဉ်ပေါ်ကနေ ပစ်ချခဲ့မယ်။"ဟု အကျင့်ပျက်ခြစားမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တိုက်ပွဲဆင်လျက်ရှိသူ ဒူတာတေးက ဆိုသည်။

ယခုပြောဆိုချက်ဖြင့် ဒူတာတေးက တရားဥပဒေကို ကျော်လွန်သည့် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်နေကြောင်းကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလိုက်ခြင်းလည်းဖြစ်နေသည်။

၎င်း၏ ပြောရေးဆိုခွင့်ရှိသူကမူ ဒူတာတေး၏ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး ယုံတမ်းစကားအနေနဲ့ ပြောခြင်းပါဟု ဖော့ပြောသည်။

ဒါဗာအိုမြို့တော်ဝန်ဘဝတွင် လူသုံးဦးအား ပစ်သတ်ဖူးကြောင်း ဒူတာတေးက ယခင်ပြောကြားခဲ့ဖူးသည်ကိုလည်း အခြားသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကိုယ်တိုင်ပစ်သတ်ခဲ့ခြင်းမဟုတ်ကြောင်းကို ယခုလအစောပိုင်းက ဝင်ရောက်ဖာထေးခဲ့ရသည်။

ယခုပြောကြားချက်မှာ အလယ်ပိုင်းဒေသရှိ တိုင်ဖုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများအား ဒီဇင်ဘာ ၂၇ ရက်က မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိ်န့်ခွန်း ဗီဒီယိုဖိုင်အား သမ္မတရုံးက အွန်လိုင်းတင်ထားခြင်းလည်းဖြစ်သည်။

သမ္မတဒူတာတေးက ၎င်းကတိပေးထားသော မုန်တိုင်းဒဏ်သင့်ဒုက္ခသည်များအတွက် ဘဏ္ဍာရေးအကူအညီအထောက်အပ့ံများကို မသမာခိုးယူသူမည်သူမဆို ရဟတ်ယာဉ်ပေါ်က ပစ်ချမည်ဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

"အရင်လည်း လုပ်ခဲ့ဖူးပြီးသားပဲ။ နောက်တစ်ကြိမ် ဘာလို့မလုပ်နိုင်ရမှာလဲ။"ဟု လက်ခုပ်သံများကြား ဒူတာတေးက ပြောလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly