ငါးနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းပေါင်း ၃၆၀၀၀ ဆောက်လုပ်မည်

ငါးနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းပေါင်း ၃၆၀၀၀ ဆောက်လုပ်မည်
 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ နို်င်ငံအဝှမ်းတွင် လာမည့် ၂၀၁၇မှ ၂၀၂၁ခုနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းပေါင်း ၃၆၀၀၀ခန့်ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဒီဇင်ဘာ ၂၆ရက်တွင် ပြောဆိုသည်။

“ငါးနှစ်အတွင်းမှာ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံးမှာ အိမ်ခန်းပေါင်း ၃၆၀၀၀ယူနစ် ဆောက်လုပ်ဖို့ လျာထားပြီးဖြစ်ပါတယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

ရန်ကုန်တွင် အခန်းပေါင်း ၈၀၀၀၊ မန္တလေးတွင် အခန်းပေါင်း ၈၀၀၀နှင့် နေပြည်တော်တွင် အခန်းပေါင်း ၃၀၀၀ခန့် ဆောက်လုပ်သွားမည်ဖြစ်သလို အခြား တိုင်းနှင့်ပြည်နယ်များတွင်လည်း မြို့လူဦးရေအနေအထားပေါ်မူတည်၍ ဆောက်လုပ်သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHD Bank)တွင် ငွေစုစာရင်းဖွင့်ကာ ဝယ်ယူလိုသည့် အိမ်ခန်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းပြည့်မှီအောင် ကနဦး စုဆောင်းရမည်ဖြစ်သည်။ အဆိုပါ စုဆောင်းငွေအတွက်ကိုမူ အတိုးရရှိမည် မဟုတ်ပေ။

“၃၀ရာခိုင်နှုန်းကိုတော့ မိမိစုငွေနဲ့ ဝယ်ရမယ်။ ကျန်သော ရ၀ရာခိုင်နှုန်းကို ဘဏ်က ချေးငွေပေးမယ်။ အဲ့တော့ ဘဏ်ချေးငွေ ရ၀ရာခိုင်နှုန်းနဲ့ ကိုယ်စုထားတဲ့ ၃၀ရာခိုင်နှုန်းနဲ့ပေါင်းလိုက်တဲ့အတွက် ၁၀၀ရာခိုင်နှုန်း ငွေကျေသွားတဲ့အတွက် တစ်ခါထဲ အိမ်ပေါ်တက်နေလို့ ရသွားပြီ။ နေခွင့်ပေးမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

ကျန်ရှိသည့် အိမ်ခန်းတန်ဖိုး ရ၀ရာခိုင်နှုန်းကိုမူ ၁၅နှစ်အတွင်း ပြန်ဆပ်ရန် စီစဉ်ထားသည်ဟု ဦးဝင်းနိုင်က ဆိုသည်။

အဆိုပါ အိမ်ခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ခန့် ကျသင့်မည်လည်း ဖြစ်သည်။ မိသားစု စုဆောင်းငွေဖြင့် ၀ယ်နိုင်စွမ်းရှိစေရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သောကြောင့် ငွေအကျေစနစ်ဖြင့် ရောင်းချမည် မဟုတ်ပေ။

အဆိုပါ တိုက်ခန်းများအား ငါးနှစ်အတွင်းလွှဲပြောင်းရောင်းချခွင့်ပြုမည်မဟုတ်ဘဲ ပြန်လည်ရောင်းချလိုပါကလည်း ဌာနသို့ ပြန်လည်ရောင်းချရမည်ဟု ဦးဝင်းနိုင်က ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တန်ဖိုးမြင့်အိမ်ရာများမှ ရရှိသော ဝင်ငွေများကို တန်ဖိုးနည်းအိမ်ရာများတွင် အသုံးပြုရန် စီမံလုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုထားသည်။

“တန်ဖိုးကိုငွေအရပဲ မကြည့်ဘူးဆိုရင် တတ်နိုင်တဲ့သူရှိသလို မတတ်နိုင်သူတွေလည်းရှိပါတယ်။ တန်ဖိုးမြင့်အိမ်ရာတွေကရရှိတဲ့ဝင်ငွေတွေကနေ တန်ဖိုးနည်းအိမ်ရာတွေမှာ သုံးဖို့ ဘဏ္ဍာငွေတစ်ခုအနေနဲ့ စီမံဖို့လုပ်ဆောင်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly