တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားများ လစာတိုးမြှင့်ရေးနှင့် လူမျိုးခွဲခြားဆက်ဆံခံရခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ဟု ဆို

တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားများ လစာတိုးမြှင့်ရေးနှင့် လူမျိုးခွဲခြားဆက်ဆံခံရခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ဟု ဆို
ဓာတ်ပုံ- ဆုဆုရှိ
 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ တကောင်းတောင်မကြီးပေါ်တွင် ကုန်ကြမ်းထုတ်လုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း ကုန်ပစ္စည်းထုတ်လုပ်နေသည့် တကောင်းတောင်နီကယ်စက်ရုံမှ တောင်ပေါ်လုပ်ငန်းခွင် 15MCC ကုမ္ပဏီလုပ််သားများနှင့် တောင်အောက်လုပ်ငန်းခွင် Myanmar CNICO စက်ရုံလုပ်သား ၅၀၀ ခန့်က လုပ်ခလစာတိုးမြှင့်ရေး အပါအဝင် မြန်မာဝန်ထမ်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆုံးရှုံးခဲ့ရမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ကျွန်တော်တို့ ဆန္ဒပြရတဲ့ အကြောင်းအရာက ကျွန်တော်တို့ ဒီမှာပေးထားတဲ့ လုပ်လစာက ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ညီညွတ်မှု မရှိပါဘူး။ ကျွန်တော်တို့ ဒီ တကောင်းတောင်နီကယ်စက်ရုံမှာဆို ကျွန်တော်တို့ဝန်ထမ်းတွေက အလုပ်သမားအခွင့်အရေးတွေများစွာ ဆုံးရှုံးနေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်"ဟု အလုပ်သမားကိုတင်မျိုးထွန်းက ပြောသည်။
မြန်မာအလုပ်သမားများအနေဖြင့် စက်ရုံရှိ တရုတ်လူမျိုးအလုပ်သမားများကဲ့သို့ အခွင့်အရေးမရရှိကြကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မကျခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းများရှိကြောင်း သိရသည်။
"ကျွန်တော်တို့မှာ ဒီမှာဆိုလို့ရှိရင် ကျွန်တော်တို့မြန်မာဝန်ထမ်းတွေက တရုတ်လူမျိုးတွေရဲ့၊ တရုတ်ဝန်ထမ်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေ နေရပါတယ်။

ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေက ဘာမှပြန်ပြီးတော့၊ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုခွင့်လည်းမရှိသလို ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တောင်းဆိုရင် အလုပ်ထုပ်တာမျိုးတွေ၊ ပြီးတော့ ကျွန်တော်တို့ တခြား ဝေးလံတဲ့နေရာတွေ မမြင်ကွယ်ရာနေရာမျိုးတွေထိ လုပ်ငန်းတာဝန်ချပစ်တာမျိုးတွေ၊ အဲဒါမျိုးတွေရှိပါတယ်" ဟု ကိုတင်မျိုးထွန်းက ပြောဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် လုပ်ခလစာ ဒေါ်လာ ၃၀၀ နှင့်ညီမျှသော ကျပ်ငွေရရန်၊ အလုပ်သမားကိုယ်စားပြု အလုပ်သမားများမှ ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်ထားရှိပေးရန်၊ အလုပ်သမား အပြစ်ဖြစ်လာပါက ပွင့်လင်းမြင်သာစွာဖြေရှင်းပေးရန်၊ ကုမ္ပဏီနှင့် နိုင်ငံတော် အကျိုးအမြတ်ခွဲဝေမှုကို ပွင့်လင်းမြင်သာစွာဖော်ပြရန်၊ အလုပ်ခေါင်းဆောင်ကို အလုပ်သမားများတင်မြှောက်သည့် ခေါင်းဆောင်ရွေးချယ်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုကို ကုမ္ပဏီမှအပြည့်အဝတာဝန်ယူပေးရန်၊ လုပ်ငန်းကျွမ်းကျင်မှုနည်းပညာများ စနစ်တကျ သင်ကြားပေးရန်၊ ကျွမ်းကျင်မှုအရ လစာခံစားခွင့် အပြည့်အဝပေးရန်၊ မြန်မာ အတတ်ပညာရှင်များ ခေါ်ယူခန့်ထားပေးရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို အပြည့်အဝဖြည့်ဆည်းပေးရန်၊ တရုတ်-မြန်မာ လူမျိုးရေးခွဲခြားမှုမပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နို်င်ငံခြားအလုပ်သမား လျှော့ချရန်တို့ကို ဆန္ဒဖော်ထုတ်သူများက ထည့်သွင်းတောင်းဆိုခဲ့ကြသည်။စက်ရုံတွင် မြန်မာလုပ်သား ၁၅၀၀ ခန့်နှင့် တရုတ်လူမျိုးအလုပ်သမား ၄၀၀ ခန့်ရှိကြောင်းသိရသည်။

နီကယ်စက်ရုံကို ၂၀၀၈ ခုနှစ်ခန့်မှစတင်လည်ပတ်ခဲ့ကာ နှစ် ၂၀ စီမံကိန်းဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်နှင့် အကျိုးအမြတ်ခွဲဝေမှုတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင်   ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကြောင့် လုပ်သားများ ကျန်းမာရေး၊ စက်ရုံအနီးပြည်သူများ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများထံ တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲ စက်ရုံအဝင်ပေါက်ကို စက်ရုံလုပ်ငန်းသုံးကားများ၊ မီးသတ်ကားများနှင့် ပိတ်ဆို့ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly