ရခိုင်စင်တင်တေးဂီတ ဖျော်ဖြေပွဲမှ ရရှိငွေများကို ကျောက်တော်ရှိ ထူးချွန်ကလေးများ ပညာသင်ထောက်ပံ့ကြေးအဖြစ် လှူဒါန်းမည်

ရခိုင်စင်တင်တေးဂီတ ဖျော်ဖြေပွဲမှ ရရှိငွေများကို ကျောက်တော်ရှိ ထူးချွန်ကလေးများ ပညာသင်ထောက်ပံ့ကြေးအဖြစ် လှူဒါန်းမည်

ရန်ကုန်၊ ဒီဇင်ဘာလ ၁၇ ။           ။ (၄၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်စင်တင်တေးဂီတဖျော်ဖြေပွဲမှ ရရှိသည့် အမြတ်ငွေများကို ကျောက်တော်မြို့နယ်ရှိ ငွေကြေးချို့တဲ့ပြီး ထူးချွန်သည့် ကလေးများကို ပညာသင်ထောက်ပံ့ကြေးအဖြစ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင်က  ပြောသည်။

" အခုဒီ ရခိုင်စတိတ်ရှိုးကို ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်လုပ်မယ်။ အဲ့ဒီကရတဲ့ အမြတ်ငွေကို ကျွန်တော်တို့ ကျောက်တော်မြို့နယ် ပညာသင်ထောက်ပံ့ရေးမှာ လှူသွားမယ် " ဟု ဦးဇော်အေးမောင်က မဇ္စျိမ၏ မေးမြန်းမှုကို အဆိုပါပွဲတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

 (၄၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဒီဇင်ဘာလ ၁၇ ရက်မှ ၁၈ ရက်နေ့ထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ တိုင်းရင်းသား ကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်း ရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ရခိုင်လူမှုရေး အသင်းအဖွဲ့များ စုပေါင်းကာ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ရခိုင်ပြည်နယ်မှ ကျော်ကြားသော တေးသံရှင်များ ပူးပေါင်းပါဝင်ဖျော်ဖြေ သွားမည် ဖြစ်ကာ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးသတ်ပြိုင် ပွဲ၊ ရခိုင်ရိုးရာ အမှတ်တရပစ္စည်းများနှင့် ရခိုင်အစားအစာများ ရောင်းချပွဲများလည်း (၄၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း Rakhine Music Association မှ ဥက္ကဌ ကိုညီအေး   ပြောပြချက်အရ သိရသည်။

" ကျွန်တော်တို့ကတော့ ဒီမှာနေတဲ့ သူတွေဆိုတော့ အလှမ်းဝေးတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှ ရံပုံငွေတွေ ရှာပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရေဘေး၊ စစ်ဘေးရှောင်တို့ သူတို့ကို တတ်နိုင်သမျှ ကူညီ ထောက်ပံ့ပေးနေပါတယ်။ အခုလည်း ပညာသင်ထောက်အပ့ံကြေးအတွက် လာရောက်ပူးပေါင်းတာပေါ့ " ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်နေ့အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့တွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း၊ ယခုကျင်းပရခြင်းမှာ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွင် ရခိုင် လူမျိုးများ အချင်းချင်းတွေ့ဆုံစေနိုင်ရန်နှင့် ပညာသင်ထောက်ပံ့ကြေး ရံပုံငွေအတွက် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင် ပြောပြချက်အရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly