မန္တလေး၊ ဇူလိုင် ၂၀ ။ ။. မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများ အန္တရာယ် ကင်းရှင်းစွာ အနားယူအပန်းဖြေနိုင်ရန်အတွက် သြဂုတ်လအတွင်း CCTV ကင်မရာ ၁၂ လုံး တပ်ဆင်သွားမည်ဟု ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
၎င်းက “CCTV ကင်မရာတွေတပ်ဖို့စီစဉ်ရတာကတော့ လာရောက်လည်ပတ်တဲ့သူတွေ လုံခြုံ စိတ်ချစွာနဲ့ အနားယူ အပန်းဖြေနိုင် ဖို့နဲ့ မလိုလားအပ်တဲ့မှုခင်းတွေ၊ ခိုး၊ဆိုး၊ လုယက်မှု တွေဖြစ်ခဲ့ လို့ရှိရင် အချိန်နဲ့တပြေးညီဖြေရှင်းပေးနိုင်အောင်လို့ ပါ “ ဟုပြော သည်။
CCTV ကင်မရာများအား လူဝင်ပေါက် ပင်မဂိတ်(၁)တွင် နှစ်လုံး၊လူဝင်ပေါက် တိုးချဲ့ ပင်မဂိတ်(၂) တွင် တစ်လုံး၊ ကျားရုံဟောင်း တွင်သုံးလုံး၊ ကျားရုံအသစ်တွင် တစ်လုံး၊ ခြင်္သေ့ရုံတွင် နှစ်လုံးနှင့် အုပ်ချုပ် ရေးမှူးရုံးတွင် တစ်လုံး တပ်ဆင် သွားမည်ဖြစ်ပြီး လူစည်ကားသည့်နေရာတွင်မူ ကင်မရာ နှစ်လုံး တပ်ဆင်သွားရန်စီစဉ်နေပြီဖြစ်သည်။
ယင်းသို့ CCTV ကင်မရာများ တပ်ဆင်သည့် အပြင် လုံခြုံရေးအင်အား ၂၅ ဦးဖြင့်လည်း လုံခြုံရေးဆောင်ရွက်ပေး သွားမည်ဖြစ် သည်။
အဆိုပါဥယျာဉ်သို့ ပြည်တွင်းမှနေ့စဉ်လာရောက်လည်ပတ်အပန်းဖြေသူ ၅၀၀ ဦးကျော်ရှိပြီး ဝင်ကြေးမှာ ကလေးတစ်ဦး ၅၀၀ ကျပ်နှင့် လူကြီးတစ်ဦး ၁၀၀၀ ကျပ်သတ်မှတ်ထားသည်ဟု အုပ်ချုပ်ရေးမှူးဦးခင်မောင်လတ်ကဆိုသည်။