မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး၏ ရုပ်တုအား ဒရုန်းဖြင့် ဖောက်ခွဲရန် စီစဉ်

မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး၏ ရုပ်တုအား ဒရုန်းဖြင့် ဖောက်ခွဲရန် စီစဉ်

ပြံုယမ်း၊ ဒီဇင်ဘာ ၁၅ ။          ။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်းနှစ်ဦး၏ ရုပ်တုအား ပြည်ပြေးအုပ်စုတစ်စုက ဖောက်ခွဲရေးပစ္စည်းများတင်သည့် ဒရုန်းဖြင့် ဖောက်ခွဲပစ်ရန် စီစဉ်လုပ်ဆောင်လျက်ရှိသည်ဟု  မြောက်ကိုရီးယားသတင်းဝက်ဘ်ဆိုက် တစ်ရပ်၌ ဖော်ပြခဲ့သည်။

ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်ဖြစ်သည့် Uriminzokkiri က ပြည်ပြေးအုပ်စုသည် ကင်အီဆွန်းနှင့် ကင်ဂျုံးအီတို့၏ ရုပ်တုများကို ဖောက်ခွဲရန် တရုတ်နယ်စပ်မှ ဒရုန်းပျံသန်းမှုများကို စမ်းသပ်ခဲ့ကြကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ထိုဖောက်ခွဲမှု အစီအစဉ်ကို အကျင့်ပျက်အရှုပ်တော်ပုံကြောင့် ရာထူးလက်လွှတ်ကာ အမှုရင်ဆိုင်နေရသည့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြည်သူများ အာရုံလွှဲပြောင်းရန်အတွက် စေခိုင်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းက ရေးသားသည်။

“ကျွန်တော်တို့ အထွတ်အမြတ်ထားရာ ခေါင်းဆောင်များအပေါ် မတော်မလျော် လုပ်ဆောင်သူ မည်သူကို မဆို ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သူများ၏ ဘဝကို ကြင်နာခြင်းမဲ့စွာ အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ ထိုသို့သော သူများကို ကမ္ဘာ့မည်သည့်နေရာတွင် ရှိပါစေ လိုက်လံဖမ်းဆီးမည်ဖြစ်ကြောင်း” မြောက်ကိုရီးယားဖက်က ထုတ်ပြန်ခဲ့သည်။

လွတ်လပ်သော မြောက်ကိုရီးယားတိုက်ခိုက်ရေးသမားများဆိုသည့် ပြည်ပြေးအုပ်စု၏ ကိုယ်စားပြုသူ ပတ်ဆန်ဟတ်က ပြည်ပြေးအုပ်စုအနေဖြင့် ဒရုန်းဖြင့် ကျုးကျော်ဝင်ရောက်ပြီး ဖောက်ခွဲရေးအတွက် လုပ်ဆောင်မှုရှိခဲ့ကြောင်းကို သုတေသနဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် NK News သို့ အတည်ပြုပြောသည်။ “ဒီကိစ္စရပ်က ကျွန်တော်တို့ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပါ။ မြောက်ကိုရီးယားဖက်က ဒါကို ဘယ်လို သိရှိဖော်ထုတ်လိုက်နိုင်တယ်ဆိုတာတော့ ကျွန်တော် စဉ်းစားမရဘူး။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly