ဒီဇင်ဘာ ၁၃၊ မန်ချက်စတာ။ ။ ယူရိုပါလိဂ် ၃၂ သင်းအဆင့်တွင် အစ်ကိုဖြစ်သူ ဖလော်ရန်တင်နှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် ပေါ့ဂ်ဘာပျော်နေသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။
ပေါ့ဂ်ဘာ၏မန်ယူအသင်းသည် ဖလော်ရန်တင်ပါဝင်ကစားနေသည့် ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းနှင့် ဆုံရမည်ဖြစ်ပြီး ညီအစ်ကိုနှစ်ဦး၏ ဆုံတွေ့မှုကို စောင့်မျှော်နေသည်ဟု မော်ရင်ဟိုက ပြောသည်။
“ကောင်းတဲ့ကိစ္စပါ။ အဲဒီအတွက် ပေါ့ဂ်ဘာ ပျော်နေသလို သူ့ရဲ့အစ်ကိုလည်းပျော်နေမှာ သေချာပါတယ်။ ဒါမျိုးက ဘောလုံး လောကမှာ နည်းနည်းလောက်ပဲကြံုရတတ်ပြီး ကောင်းတဲ့ကိစ္စတစ်ခုပါ”ဟု မော်ရင်ဟိုက ပြောသည်။
ပြီးခဲ့သည့်တစ်ပတ်က ရာသီဥတုမကောင်းသော ယူကရိန်းရှိ ဇော်ယာအသင်းနှင့်ရင်ဆိုင်ခဲ့ရပြီးနောက်တွင် မိနစ် ၉၀ ခန့်သာ လေယာဉ်စီးရမည့် ပြင်သစ်ကလပ်နှင့် ရင်ဆိုင်ရမည်ဖြစ်၍ မန်ယူအသင်း၏ပွဲစဉ်အပေါ် မော်ရင်ဟိုက ကျေနပ်ပျော်ရွှင်နေသည်။
“ကောင်းတာကတော့ ခရီးအကွာအဝေးပဲ။ အုပ်စုထဲမှာ ကျွန်တော်တို့ တော်တော်လေးကံမကောင်းခဲ့ဘူး။ ခရီးဝေးတွေသွားခဲ့ရ တယ်။ တူရကီ၊ ယူကရိန်းတို့ကို သွားရခက်ခဲ့တယ်။
အခုတော့ ကျွန်တော်တို့ ပြင်သစ်ကိုသွားရတော့မယ်။ ပွဲဆက်တွေများပြီး မလွယ်တဲ့ကာလမှာ လေယာဉ်စီးရတာ အဆင်ပြေ လွယ်ကူနေတယ်။ ဒါကြောင့် ကောင်းတယ်။
စိန့်အက်တီယန်အသင်းက သမိုင်းဝင်အသင်းတစ်သင်းဖြစ်ပါတယ်။ ကျွန်တော်တို့မျိုးဆက်မှာ မိုက်ကယ်ပလာတီနီရဲ့အသင်းကို ဘယ်တော့မှ မမေ့ကြပါဘူး။
ဒီအဆင့်ကိုရောက်လာတဲ့အသင်းတိုင်းက အသင်းကောင်းတွေဖြစ်ကြလို့ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ”ဟု မော်ရင်ဟိုက ဆိုသည်။
Ref; Mirror