နယူးယောက်၊ ဒီဇင်ဘာ ၁၂ ။ ။ အမေရိကန်နိုင်ငံအနေဖြင့် One China ပေါ်လစီအား ရပ်သင့် မသင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က မေးခွန်းထုတ်လာခဲ့သည်။
တရုတ်နိုင်ငံ၏ ထိုင်ဝမ်အား ၎င်းပိုင် ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားခြင်းကို အမေရိကန်က ၁၉၇၉ ခုနှစ် မှစကာ အသိအမှတ်ပြုလာခဲ့ခြင်း ဖြစ်သည်။
သို့သော တရုတ်နိုင်ငံဖက်က ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များတွင် အလိုက်အထိုက် လုပ်ဆောင်ခြင်း မရှိပါက One China ပေါ်လစီအား ဆက််လက်ကျင့်သုံးစရာ မမြင်ကြောင်း ထရမ့်က ပြောလာခြင်းဖြစ်သည်။
ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်းနှင့် ဒေါ်နယ်ထရမ့်က တိုက်ရိုက်ဖုန်းပြောဆိုခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန်၏ ဆက်ဆံရေးက အေးစက်လာခဲ့သည်။
တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်နှုန်းထားနှင့် တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်ကာ ဒေါ်နယ်ထရမ့်က တွစ်တာတွင် ဝေဖန်မှုများ ရေးသားခဲ့သည်။
“ကျွန်တော်တို့တွေ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးအပါအဝင် အခြားကိစ္စရပ်တွေအပေါ် သဘောမမျှခဲ့ရင် One China ပေါ်လစီအတိုင်း ဘာကြောင့် ဆက်သွားသင့်သလဲဆိုတာ ကျွန်တော်တော့ နားမလည်ဘူး။”ဟု Fox News နှင့် ဒီဇင်ဘာ ၁၁ ရက်က အင်တာဗျူးတွင် ထရမ့်က ပြောသွားသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ငွေကြေးကိစ္စရပ်(ငွေတန်ဖိုးလျှော့ချထားခြင်း)၊ မြောက်ကိုရီးယားအရေးနှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများတွင် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။