ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရဟု စင်ကာပူ The Independent သတင်းစာက ပြန်လည်တုံ့ပြန်

ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရဟု စင်ကာပူ The Independent သတင်းစာက ပြန်လည်တုံ့ပြန်
 

 စင်ကာပူအခြေစိုက် သတင်းစာ၏ မဟုတ်မမှန် ဖော်ပြမှုကို ထိုက်သင့်သလို တုံ့ပြန်သွားမည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်ခဲ့ပြီး ယင်းသတင်းစာကလည်း အဆိုပါသတင်းကြောင့် ခြိမ်းခြောက်ခံရမှုများ ရှိသည်ဟု ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည်တုံပြန် ရေးသားထားသည်။

The Independent သတင်းစာ၏ အွန်လိုင်းစာမျက်နှာဖြစ်သည့် http://theindependent.sg တွင် ဒီဇင်ဘာလ ၅ ရက်နေ့က “ Aung San Suu Kyi Laughs Out Loud at Rohingya Genocide Allegations While in Singapore ” ခေါင်းစဉ်သတင်းဖြင့် Haikal Mansor အမည်ရှိ Google အကောင့်က  You Tubeတွင် တင်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် မဟုတ်မမှန် စာတန််းများ  ရေးထိုး ထားသည့် ဗီဒီယိုကို ကိုးကားဖော်ပြထားခဲ့ခြင်းဖြစ်သည်။

“ ‘Aung San Suu Kyi laughs out loud at Rohingya genocide allegations while in Singapore‘ ခေါင်းစဉ်ဖြင့် ကျွန်တော်တို့ ဖော်ပြခဲ့သည့် သတင်းတစ်ခုနှင့် ပတ်သက်၍ မြန်မာပြည်သူ အများအပြားက ၎င်းတို့၏ထင်မြင်ချက်များကို ၀ိုင်းဝန်းဖော်ထုတ်ရေးသားခဲ့ကြသည်။ ကောမန့်ရေးသားသူတစ်ချို့၏ အဆိုအရ ယင်းသတင်းတွင် ကိုးကားထားသည့် ဗီဒီယိုမှာ မှန်ကန်ခြင်းမရှိသည့် သတင်းရင်းမြစ်များကို အခြေခံကာ တင်ဆက်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး ကောမန့်ရေးသားသူတစ်ဦးကဆိုလျင် ကျွန်တော်တို့ကို သတ်ဖြတ်မည်ဟု လူသိရှင်ကြား ခြိမ်းခြောက်မှုမျိုးပင် ရှိခဲ့သည် ”ဟု ယင်းသတင်းက ဖော်ပြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်ပြီးလည်း “ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြဿနာရပ်များနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် လိုအပ်မှုများရှိနေသေးကြောင်း ပြောဆိုထားခဲ့သည်ဟု  ယင်းသတင်းစာက တုံ့ပြန်ဝေဖန်ထားသည်။

" ကျွန်တော် ဒေါ်စုကို ပန်ကြားချင်ပါတယ်၊ မောင်တောနဲ့ ဘူးသီးတောင်ဆီ သွားပြီး အဲဒီမှာရှိတဲ့သူတွေကို သူတို့တွေအတွက် ကာကွယ်ပေးပါမယ်လို့ အာမခံချက်ပေးစေချင်ပါတယ်" ဟု မစ္စတာနမ်ဗီးယား ပြောဆိုချက်ကို ကိုးကားဖော်ပြထားသေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က ရခိုင်တွင် အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုများ ရှိနေသည်ဆိုသော စွဲချက်များ အပေါ် ပယ်ချထားခဲ့သော်လည်း တစ်ဘက်တွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်မှာမူ ရခိုင်အရေးနှင့်ပတ်သက်၍ စွပ်စွဲမှုများ ပြုလုပ်ထားခဲ့သည် ဟု ဒီဇင်ဘာ ၉ ရက်နေ့တွင် ယင်းသတင်းစာ တုံ့ပြန်ချက်တွင် ပါရှိသည်။

 “  ရခိုင်အရေးနှင့်ပတ်သက်၍ သူမ၏ ရပ်တည်ပြောဆိုမှုများမှာ အံ့အားသင့်စရာတော့လည်း မရှိခဲ့ပေ။ အင်တာဗျူးတွင် သူမပြောဆိုခဲ့မှုများအရ ရခိုင်ပြည်နယ်ရှိ   ပြဿနာများမှာ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်မှ တစ်ဆိတ်ကို တစ်အိတ်လုပ် ၀ိုင်းဝန်းချဲ့ကားပြောဆိုမှုများကြောင့်သာ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားနေသယောင် ဖြစ်စေ လျက်ရှိကြောင်း ပြောသွားခဲ့သည်။ ယခုအခါ အခြေအနေများကို   ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းနှင့် တင်းမာမှုများကို လျှော့ချထားနိုင်ပြီဖြစ်ကြောင်း သူမက ထည့်သွင်း ပြောကြားသွား သည်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူအခြေစိုက် Channel News Asia နှင့် အင်တာဗျူးမှ လည်း ထုတ်နုတ်ဖော်ပြထားသည်။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို မဟုတ်မမှန် ဖြည့်စွက်ရေးသားထားသည့် ဗွီဒီယိုအား ကိုးကားပြီး သတင်းမှားဖော်ပြခဲ့သည့်  စင်ကာပူအခြေစိုက် The Independent သတင်းစာကို ထိုက်သင့်သလို တုံ့ပြန်သွားမည် ဟု အတိုင်ပင်ခံရုံးက ဒီဇင်ဘာ ၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

Theindependent.sg သည် စင်္ကာပူနိုင်ငံရှိ သတင်းများနှင့် နောက်ဆုံး အခြေအနေများကို လွတ်လပ်စွာ ရေးသားဖော်ပြနေသည့် မီဒီယာတစ်ခု ဖြစ်ကြောင်း ဖော်ပြထားပြီး ထုတ်ဝေသူ၊ အယ်ဒီတာမှာ Kumaran Pilla ဆိုသူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ယူကေအခြေစိုက် ဒေးလီးမေးလ်မှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး သတင်းမှားများဖော်ပြခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly