မြို့တွင်းယာဉ်ကြော မပိတ်ဆို့ရန် ကွန်တိန်နာကားများ ညပိုင်းဝင်ရောက်ပြီးနောက် မနက်ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွား

မြို့တွင်းယာဉ်ကြော မပိတ်ဆို့ရန် ကွန်တိန်နာကားများ ညပိုင်းဝင်ရောက်ပြီးနောက် မနက်ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွား
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။                ။ ကုန်တင်ကွန်တိန်နာကားများကို ရန်ကုန်မြို့တွင်းသို့ ည ၉ နာရီမှမနက် ၆နာရီ အချိန်တွင်းသာ ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်ကို  ဒီဇင်ဘာ ရ ရက်တွင် စတင်အကောင်အထည်ဖော်ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် ကွန်တိန်နာကား ရာဂဏန်းကျော် ပိတ်ဆို့မှု့ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်မည့်  ကုန်တင်ကွန်တိန်နာကား ရာပေါင်းများစွာသည် ကမ်းနားလမ်းတစ်လျှောက်   မနက် ၂ နာရီမှ မနက် ၆နာရီကျော်အထိ  ၆ နာရီကျော်ကြာ စီတန်းရပ်တန့်ထားခဲ့ရပြီး ကမ်းနားလမ်းနဲ့ ဘုရင့်နောင်လမ်းမကြီးတစ်လျှောက်တွင် အဓိက ပိတ်ဆို့နေကာ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ကားများ ပိတ်ဆို့နေခဲ့သည် ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲရုံးမှ သိရသည်။

“ သူတို့က မနက် ၆ နာရီ ၊ ည ၉ နာရီပဲ ၀င်လို့ရမယ်ဆိုတော့ ကားတွေက အလုအယက်မောင်းရတော့ အားလုံးကအကုန်လုံး ပိတ်ဆို့သွားကုန်တယ် ။ ဒါပဲ ” ဟု ကုန်တင်ကားမောင်းနှင်သက် ၅နှစ်ခန့်ရှိသည့် ကိုမျိုးအောင်က ပြောဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချို့မော်တော်ယာဉ်များမှာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်သွားလာခဲ့ရပြီး ယနေ့မနက်ပိုင်း ဆိုးရွားစွာ ယာဉ်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ကွန်တိန်နာအသင်းသို့ မေးမြန်းရန်ကြိုးပမ်းသော်လည် ဆက်သွယ်၍ မရရှိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ မနက်မှအကုန် ပြံုထွက်ရတာလေ အကုန်ထွက်တော့ အဲ့ဒီမှာဖြစ်သွားတာလေ ” ဟု ပြောသည်။

အဆိုပါ ပိတ်ဆို့မှုသည် ည ၉ နာရီမှမနက် ၆နာရီအချိန်အတွင်းသာ ကွန်တိန်နာများကို မြို့ထဲပေးဝင်မည့် စနစ်ကို စတင်ကျင့်သုံး သောကြောင့့်ြ့ဖစ်ပွားခဲ့ခြင်းဖြစ်ပြီး နစ်တကျ ပြန်လည် ထိန်းသိမ်းပါက ပြသာနာမရှိနိုင်ကြောင်း ဒေါက်တာ မောင်အောင်ကပြောဆိုသည်။

 အဆိုပါစနစ်ကျင့်သုံးမှုနှင့်ပတ်သက်ပြီး “ အဓိက ကတော့ဗြန်းစားကြီးပြောင်းလိုက်တော့ အကုန်လုံးက ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိဘူး ။ အဲ့လိုဖြစ်ပြီးတော့ ပိတ်တာလည်းပါတယ် ” ဟု ကားကြီးမောင်းနှင်သူ ကိုနိုင်စိုးကပြောသည်။

ပိတ်ဆို့မှုမှာလည်း ယာဉ်မောင်းသူများဘက်မှ ချိန်ဆမှု အားနည်းကြောင်း အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ကပြောသည်။  “ သူတို့ ကားစထွက်တဲ့နေရာကနေ ဆုံးမဲ့နေရာထိကို အချိန်တွက်ဆမှုနည်းတာ တွေ့ရတယ်။ အချိန်ကပ်မှထွက်လာ တဲ့အခါ လမ်းကြောတွေ ပိတ်တယ်”

ယာဉ်ကြောပိတ်ဆို့မှုအား ပုံမှန်အခြေအနေသို့ ရောက်ရှိရန် နံနက် ၆ နာရီခန့်မှ  နံနက် ၁၁ နာရီခန့်ထိ ၅နာရီကြာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရှင်းလင်းခဲ့ရသည်။ ကွန်တိန်နာကားများအား မြို့တွင်းသို့ နေ့ခင်း ဘက်ဝင်ရောက်ခွင့်မပေးဘဲ ညပိုင်းရောက်မှ ဝင်ခွင့်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ခဲ့ပြီး ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန်အတွက် ရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly