ယာဉ်တိုက်မှုကြောင့် တရားရုံးမှ လျော်ကြေးပေးရန် အမိန့်ချခဲ့သော်လည်း ၄ နှစ်ကျော်ကြာထိ နစ်နာကြေးမရရှိသေး

ယာဉ်တိုက်မှုကြောင့် တရားရုံးမှ လျော်ကြေးပေးရန် အမိန့်ချခဲ့သော်လည်း ၄ နှစ်ကျော်ကြာထိ နစ်နာကြေးမရရှိသေး

ရန်ကုန်၊ ဒီဇင်ဘာလ ၈ ။              ။ လွန်ခဲ့သည့် ၄ နှစ်ကျော်ကာလက ယာဉ်တိုက်မှုကြောင့် ဘယ်ပေါင်နှင့် ခြေသလုံးကျိုးဒဏ်ရာရရှိခဲ့မှုအတွက် တရားရုံးမှ အမိန့်ချထားသော လျော်ကြေးငွေအား ယခုထက်တိုင်ဆက်သွယ်ပေးအပ်ခြင်းမရှိဟု ဒဏ်ရာရရှိသူများဘက်မှ ယနေ့ MJN မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ အလယ်မျဉ်းကြောင်းပေါ်တွင် အသက် (၁၆) နှစ်အရွယ် မောင်သီဟအောင်(ခ) သီဟ ခေါင်းခန်းမှ လိုက်ပါခဲ့သော ဦးပြည့်ဖြိုးဦးပိုင်ဆိုင်သည့် အငှားယာဉ် ၈ဃ/၂၅၉၂ နှင့် ဦးစိုင်းစိုင်း (ခ) ဦးစိုင်းဇိုင်းမိုင်ခမ်း ပိုင်ဆိုင်သည့် အငှားယာဉ် ၃က/ ၃၁၇၉ ယာဉ်တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုတွင် မောင်သီဟအောင်(ခ) သီဟမှာ ဘယ်ပေါင် နှင့် ခြေသလုံးရိုး ကျိုးသွားပြီး ဘယ်ဘက် ခြေထောက်မှာလည်း ခြေ မျက်စိအထက် လက်နှစ်လုံးခန့်နေရာ ကျိုးပဲ့ခဲ့ပြီး အရိုးစများ ထွက်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဘယ်ပေါင်နှင့် ခြေသလုံးရိုး တို့အား စတီးချောင်းထည့်ထားရသည်ဟု ဒဏ်ရာရရှိခဲ့သူများဘက်က  ပြသရင်း ပြောသည်။

အဆိုပါအမှုအတွက် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ နှစ်ဖက်ယာဉ်မောင်းနှစ်ဦးအား တရားစွဲဆိုခဲ့ပြီး တရားရုံးမှ လူမမယ်တစ်ဦး၏ ဘဝအတွက် ထိုက်သင့်သောနစ်နာကြေး ခံစားထိုက်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီး တရားပြိုင်များမှ  နစ်နာကြေး ကျပ်သိန်း ၁၀၀ အချိုးကျထောက်ပံ့ရန် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးမှ ယင်းသို့အမိန့်ချမှတ်ခဲ့သော်လည်း ယခုချိန်ထိ မရရှိဟု ဖခင်ဖြစ်သူ ဦးတင်အောင်မိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး လျော်ကြေးငွေထက် အမှုမှန်ပေါ်ပေါက်တာ လိုချင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

" လျော်ကြေးကိုတော့ စကားမပြောဘူး အစ်ကိုက။ ဒီပိုင်ရှင်တွေ ဘယ်သူဆိုတာ သိချင်တယ်။ လာရောက်မဖြေရှင်းတာကိုလည်း သိချင်တယ်။ နောက်တစ်ခုက အစ်ကိုတို့လိုမျိုး မသိနားမလည်တဲ့သူတွေကို တတ်တဲ့သူ၊ သိတဲ့သူတွေက ငွေအားနဲ့ ဖိပြီးတော့ အမှုကို ပိတ်တာမျိုးဖြစ်မှာစိုးလို့ အစ်ကိုက အမှုမှန်ကိုပဲ ပေါ်စေချင်တယ် "ဟု ၄င်းကဆိုသည်။

တရားစွဲဆိုစဉ်အချိန်တွင်လည်း တရားရုံးမှ ယာဉ်ပိုင်ရှင်များထံ ခေါ်စာများကို အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း လာရောက်ခြင်းခဲ့မရှိဘဲ ယာဉ်မှုစစ်နှင့် နယ်မြေခံတာဝန်ခံကျသည့် ရဲများထံမှ ရရှိသော ကားနံပါတ်များနှင့် ယာဉ်ပိုင်ရှင်အမည်များကို စာရင်းများအတိုင်း တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးတင်အောင်မိုးက ပြောသည်။

ထို့ပြင် တရားပြိုင်များအနေဖြင့် အဆိုပါလိပ်စာတွင် နေထိုင်ခြင်းမရှိသောကြောင့် သတင်းစာမှ အကြောင်းကြားစာထည့်သွင်းခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ဟု သိရပြီး " သူတို့ လိပ်စာတွေကို တရားသူကြီးက ခင်ဗျားပြန်ရှာပါဆိုပြီးတော့ ကျွန်တော့ကို တရားခံပြန်လုပ်တယ်။ ရှာလို့မရရင်တော့ ဒီအမှုနဲ့ ပတ်သက်လို့ အမိန့်ချထားတဲ့ နစ်နာကြေး သိန်း ၁ဝဝ လည်း ရဖို့မရှိဘူးတဲ့။ အမှုသာ ပိတ်လိုက်တော့တဲ့ "ဟု ၄င်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှ သက်ဆိုင်ရာယာဉ်မှုစစ်ကို သမ္မာန်စာ ၃ ကြိမ် ပေးပို့ခဲ့သော်လည်း တရားရုံးသို့ လာရောက်ခြင်းမရှိ၊ ပြန်လည်းဖြေကြားခဲ့ခြင်းမရှိကြောင်း ဖခင်ဖြစ်သူ ဦးတင်အောင်မိုး ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး တရားလိုမှ တရားမကျင့်ထုံးဥပဒေအမိန့် ၉ နည်း ၆(၁)(က) လျှောက်ထားလာ၍ အမှုအား တရား မကျင့်ထုံးဥပဒေအမိန့် ၉၊ နည်း ၆ အရ ဆက်လက်ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly