မေဂျာလိဂ်၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို နယူးယော့ခ်စီးတီးတိုက်စစ်မှူး ဒေးဗစ်ဗီလာရရှိ

မေဂျာလိဂ်၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို နယူးယော့ခ်စီးတီးတိုက်စစ်မှူး ဒေးဗစ်ဗီလာရရှိ
 

ဒီဇင်ဘာ ရ၊ အမေရိကန် ။                   ။ နယူးယော့ခ်စီးတီးအသင်းအတွက် ၄၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် စပိန်နှင့်ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဒေးဗစ်ဗီလာသည် မေဂျာလိဂ်ပြိုင်ပွဲ၏ (ပြီးခဲ့သည့်နှစ်)တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိသွားခဲ့သည်။

ဒေးဗစ်ဗီလာမှာ ၂၀၁၄ ခုနှစ်က နယူးယော့ခ်စီးတီးအသင်း၏ ပထမဆုံးခေါ်ယူသည့်ကစားသမားဖြစ်သည်။ မန်စီးတီးအသင်းနှင့် နယူးယော့ခ်ယန်းကီးအသင်းတို့မှ ပူးတွဲပိုင်ဆိုင်သည့် နယူးယော့ခ်စီးတီးအသင်းတွင် ဒေးဗစ်ဗီလာမှာ ပထမဆုံးရာသီ၌ ပွဲ ၃၀ တွင် ၁၈ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပရိသတ်များ၏ အကြိုက်ဆုံး ကစားသမားဖြစ်လာခဲ့ရသည်။

ယခုနှစ် ရာသီတွင်လည်း ဒေးဗစ်ဗီလာမှာ ၃၄ ပွဲတွင် ၂၃ ဂိုးအထိသွင်းယူပြီး နယူးယော့ခ်စီးတီးအသင်းကို အရှေ့ပိုင်းဇုန်တွင် ဒုတိယနေရာရရှိစေခဲ့ကာ ပထမဆုံးအကြိမ်အဖြစ် Play off ကစားခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ဆုရရှိပြီးနောက်တွင် ဗီလာက ‘နယူးယော့ခ်စီးတီးအသင်းအတွက် ကစားပြီး ဒီလိုဆုကို ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီနေ့က ခမ်းနားတဲ့နေ့တစ်နေ့ပါ။ ဒီလိုဆုဟာ ကျွန်တော်လိုချင်တဲ့ဆုလို့ ဒီအသင်းကိုရောက်ကတည်းက ပြောခဲ့ပါတယ်။ အရည်အသွေးရှိတဲ့ကစားသမားတွေအများကြီးရှိနေတဲ့လိဂ်မှာ ဒီလိုဆုကို ရလို့ တကယ်ကိုပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်’ ဟု ဒေးဗစ်ဗီလာက ပြောဆိုခဲ့သည်။

ဒေးဗစ်ဗီလာသည် နယူးယော့ခ်ရက်ဘူးအသင်းမှ ဆက်ချာကလက်စ်တန်နှင့် ရိုက်ဖိလစ်တို့ကို ကျော်ဖြတ်ပြီး တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly