ရီးယဲလ်အတွက် ပထမဆုံးပွဲဦးထွက်တွင် နည်းပြဇီဒန်း၏သား အန်ဇို ဂိုးသွင်းယူ

ရီးယဲလ်အတွက် ပထမဆုံးပွဲဦးထွက်တွင် နည်းပြဇီဒန်း၏သား အန်ဇို ဂိုးသွင်းယူ
 

ဒီဇင်ဘာ ၁၊ စပိန် ။              ။ နည်းပြဇီဒန်း၏သားဖြစ်သူ အန်ဇိုသည် ရီးယဲလ်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားသည့် ၁၈ မိနစ်အတွင်းမှာပင် ပထမဆုံးဂိုးကန်ချက်၌ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ အန်ဇိုအား ဖခင်ဖြစ်သူ ဇီဒန်းက ရီးယဲလ်အရန်အသင်းမှ အသင်းကြီးသို့ ခေါ်ယူပြီး လီယိုနီဆာအသင်းနှင့် ကိုပါဒယ်ရေးဒုတိယအကျော့ပွဲစဉ်တွင် လူစားလဲ ပါ၀င်စေခဲ့ခြင်း   ဖြစ်သည်။

ထိုပွဲစဉ်တွင် ရီးယဲလ်အသင်းက လီယိုနီဆာအသင်းကို ၆-၁ ဂိုးဖြင့်နိုင်ခဲ့သည့်အတွက် နှစ်ကျော့ပေါင်း ၁၃-၂ ဂိုးဖြင့် ကိုပါဒယ်ရေးပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့သည်။

ထိုပွဲစဉ်တွင် နော်ဝေလူငယ်ကစားသမား အိုဒီဂတ်သည်လည်း ရီးယဲလ်အသင်းကြီးအတွက် ပထမဆုံးပွဲချိန်ပြည့်ပါ၀င်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့သည်။ အိုဒီဂတ်သည် အသက် ၁၆ နှစ်အရွယ်၊ ၂၀၁၅ ခုနှစ်က ရီးယဲလ်သို့ရောက်ရှိလာခဲ့သူ ဖြစ်သည်။

အန်ဇိုမှာ ဇီဒန်း၏သားလေးယောက်တွင် အကြီးဆုံးဖြစ်ပြီး ရီးယဲလ်အရန်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော်ပါ၀င်ကစားပေးခဲ့ပြီးနောက် အသင်းကြီးတွင် ပွဲထွက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိဇီဒန်းမှာ ၂၀၀၁ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၅.၈ သန်းဖြင့် ဂျူဗင်တပ်စ်မှ ရီးယဲလ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၂၀၀၂ ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ရီးယဲလ်နည်းပြအနေနှင့်လည်း ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly