သံတမန်ဆက်ဆံရေး တည်ထောင်ပြီး နှစ် ၅၀ ပြည့်ကာလ၌ စင်ကာပူသို့ သုံးရက်တာ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

သံတမန်ဆက်ဆံရေး တည်ထောင်ပြီး နှစ် ၅၀ ပြည့်ကာလ၌ စင်ကာပူသို့ သုံးရက်တာ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည့် သုံးရက်တာ ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ တွင် ရောက်ရှိသည်။

စင်ကာပူနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့်အခါသမယ၌ သွားရောက်ခြင်း ဖြစ်သကဲ့သို့ ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လီရှန်လွန်း လာရောက်ခဲ့ပြီး အပြန်အလှန်အားဖြင့် သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာချိန်သွားရောက်သည့် ခရီးစဉ်လည်းဖြစ်ကာ နှစ်နိုင်ငံ ပြည်သူများ ဗီဇာမဲ့ သွားလာနိုင်မှု စတင်သည့် အချိန်အခါ၌လည်းဖြစ်သည်။ ဗီဇာလွတ် သွားလာနိုင်မှုသည် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ခေတ္တသမ္မတ ဂျေဝိုင်ပီလေးနှင့် ဝန်ကြီးချုပ် လီရှန်လွန်းတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတအိမ်တော်ရာသို့ သွားရောက်မည်ဖြစ်ကာ ဝန်ကြီးချုပ် လီရှန်လွန်း တည်ခင်းသည့် ညစာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။

ဂုဏ်ထူးဆောင်ဝန်ကြီး ဂိုချောက်ထောင်နှင့် ဒုတိယဝန်ကြီးချုပ် တောင်ချီဟန်းတို့လည်း အဆိုပါ ညစာစားပွဲတွင် ဂုဏ်ပြုတက်ရောက်မည်ဖြစ်သည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ရွေးကောက်ပွဲနိုင်ပြီး ယခုနှစ် ဧပြီတွင် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း စင်ကာပူသို့ ပထမဆုံးရောက်ရှိခြင်းလည်းဖြစ်သည်။

စင်ကာပူခရီးစဉ်အတွင်း စင်ကာပူစီးပွားရေးသမားများနှင့်အတူ IE Singapore’s Global Conversations ဆွေးနွေးပွဲသို့လည်း တက်ရောက်မည်။ ထိုပြင် သစ်ခွတစ်မျိုးအား သူ၏ နာမည် မှည့်ခေါ်မည့် Botanic Gardens သို့လည်း သွားရောက်မည်ဖြစ်သည်။ ယင်းက စင်ကာပူသို့ ပြည်ပခေါင်းဆောင်များ လာရောက်မှုတွင် အစဉ်အလာဂုဏ်ပြုမှုတစ်ရပ်လည်း ဖြစ်သည်။

ပြည်တွင်း၌ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ကတိကဝတ်ပြုထားသော ဒေါ်အောင်ဆန်းစုကြည် ယခုစင်ကာပူသို့ ရောက်ရှိစဉ်၌ အကျင့်ပျက်ခြစားမှုစုံစမ်းရေးဗျူရိုက ကျင်းပသည့် အစည်းအဝေးတစ်ရပ်သို့လည်း တက်ရောက်မည်ဖြစ်သည်။

ဒီဇင်ဘာ ၁ ရက် ညနေတွင် Asian Civilisations Museum ပြတိုက်တွင် မြန်မာ့ရှေးပစ္စည်းများ ပြခန်းသစ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် လီရှန်လွန်းတို့ တက်ရောက် ကြမည်   ဖြစ်သည်။ အဆိုပါ Cities and Kings;Ancient Treasures from Myanmar ခေါင်းစဉ်ဖြင့် ပြခန်းအား သုံးလတာ ပြသသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly