မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်

မန္တလေး (မဇ္ဈိမ) ။ ။ မြန်မာပြည်အထက်ပိုင်းတွင် ဇူလိုင် ၁၄ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များအား ဇူလိုင်လ ၁၈ ရက် ညနေပိုင်းမှစတင်၍ ယာယီဖျက်သိမ်းထားပြီး ပြန်လည်ပြေးဆွဲမည့် နေ့ရက်မသိရသေးသဖြင့် ရက်ကြို ဝယ်ထားသည့် လက်မှတ်ငွေများကို ငွေပြန်လည်အမ်းသွားမည်ဟု မန္တလေးဘူတာကြီး ရုံပိုင်ကြီး ဦးဝင်းမြင့်ကပြောသည်။

ထိုသို့မိုးရွာသွန်းမှုများကြောင့် မန္တလေးမှ ဇူလိုင်၁၆ရက်နှင့် ၁၇ရက်က ထွက်ခွာသွားသည့် ရထားများမှာ လမ်းတစ်ဝက်မှ ပြန်လှည့်ခဲ့ရပြီး
ပြန်လည်ပြေးဆွဲနိုင်မည့် ရက်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးသောကြောင့် မြစ်ကြီးနားသို့ထွက်ခွာမည့် ရထားအမှတ် (၅၅၊ ၅၇၊ ၃၃၊ ၄၁)အဆန်ရထားများအတွက် ရက်ကြိုတင်လက်မှတ်များ ရောင်းချထားမှုကို တန်ဖိုးငွေများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

“ဘယ်နေ့ ပြေးဆွဲနိုင်မယ်ဆိုတာ မပြောနိုင်သေးဘူး။ မြန်မာ့မီးရထားခရီးစဉ်က ရက်ကြိုဝယ်ထားတဲ့ လက်မှတ်တွေကို ငွေပြန်အမ်းပေးသွားမယ်။ လမ်းတစ်ဝက် ပြန်လှည့်လာရတဲ့ ခရီးသည်တွေအတွက် လမ်းပွင့်သွားတဲ့ နေ့မှာ သူတို့ကို ဦးစားပေး လက်မှတ်ရောင်းပေးသွားပါမယ်မယ်။ ရထားခရီးသည်တွေ အဆင်ပြေအောင် မြန်မာ့မီးရထား တိုင်းအမှတ်(၂)တာဝန်ခံ နဲ့ အထက်မြန်မာပြည် (သွား/လာ) အထွေထွေမန်နေဂျာတို့ ကိုယ်တိုင်လည်း ရေကြီးတဲ့ နေရာတွေမှာ သွားရောက်ပြီးတော့ လိုအပ်တာတွေ စီမံ ဆောင်ရွက်နေပါတယ်။”ဟု ဦးဝင်းမြင့် ကပြောသည်။

အဆိုပါရထားလမ်းပိုင်းရှိ ဇောချောင်း-ကန်ကြီး၊ မဲဇာ-ဆည်ရွာ၊ ထိုပူး-မိုးကောင်း လမ်းပိုင်းများတွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မန္တလေး-မြစ်ကြီးနားခရီးစဉ်များ ယာယီရပ်ဆိုင်းထားခြင်းဖြစ်၍  ပြန်လည်ထွက်ခွာမည့် နေ့ရက်ကို ပြန်လည် အသိပေး ကြေငြာပေးသွားမည်ဟု ဦးဝင်းမြင့်ကဆိုသည်။

ဇူလိုင်လ ၁၈ရက်၊ နံနက် ၉နာရီခွဲတွင်  မိုးလေဝသတိုင်းထွာချက်များ အရ လွန်ခဲ့သည့် ၂၄နာရီအတွင်း ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းခဲ့ပြီး မြစ်ကြိးနားလမ်းပိုင်းမှ ကျွန်းလှမြို့တွင် မိုးရေချိန် ၇ ဒသမ ၈၃လက်မထိ ရွာသွန်းခဲ့ကြောင်း၊ နောက်ရက်ထိခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly