သံတွဲတွင် ရေခမ်းခြောက်မှု ကြံုတွေ့နေရသဖြင့် ဒေသခံများ အခက်ကြံုနေ

သံတွဲတွင် ရေခမ်းခြောက်မှု ကြံုတွေ့နေရသဖြင့် ဒေသခံများ အခက်ကြံုနေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ယခုနှစ် နွေရာသီက ရေရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရစဉ်။ ဓာတ်ပုံ-RiA

သံတွဲ၊ နိုဝင်ဘာ ၂၈ ။               ။ သံတွဲမြို့ပေါ် လူထု အဓိကအသုံးပြုနေကြသည့် အောင်သပြေဆည်မှာ နိုဝင်ဘာလ တတိယသီတင်းပတ်မှ စတင်ကာ ရေခမ်းခြောက်စ ပြုလာနေပြီဖြစ်သည့် အတွက် သံတွဲမြို့ပေါ်ရပ်ကွက်တစ်ချို့ ရေအခက်အခဲနှင့် စတင်ကြံု တွေ့နေကြ ရသည်။

သောက်သုံးရေခမ်းခြောက်မှုမှာ ပုံမှန်အားဖြင့် ဖေဖော်ဝါရီနှင့် မတ်လတွင် ခမ်းခြောက်မှုနှင့် ကြုံတွေ့ရသော်လည်း ယခု နှစ်တွင် ရေထိန်းသိမ်းမှု အားနည်းခဲ့သည့်အတွက် သုံးလခန့်စော၍ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

“ ဒီနှစ်မှာတော့ ရေယိုစိမ့်များတဲ့အတွက်ရယ် မြို့ပေါ်ကိုပေးဝေနေတဲ့ ပိုက်လိုင်းပေါက် သွားတာကို ပြုပြင်လို့ မရနိုင်တဲ့ အတွက်ကြောင့် စောပြီးခမ်းသွားတာပါ။” ဟု သံတွဲမြို့ခံ ဦးအောင်မောင်ဖြူက ပြောသည်။

သံတွဲမြို့တွင် သောက်သုံးရေ ခမ်းခြောက်ပါက အစားထိုး အသုံးပြုရန်အတွက် အခြားဆည်များမရှိသည့်အတွက် အ မှတ် ၁ ရပ်ကွက်အတွင်းရှိ ရပ်ကွက်သားများ အသုံးပြုနေကြသော ရေတွင်းငယ်များကို စုပေါင်း အားကိုး နေကြရ ကြောင်း သိရသည်။

မြို့၏ အဓိကအားထားနေရသည့် အောင်သပြေဆည်ကို အိမ်ထောင်စု ၁၅၀၀ ခန့်မှ လူဦးရေ ရ၀၀၀ ၏ သောက်သုံး ရေ အဖြစ် အသုံးပြုနေကြခြင်း ဖြစ်သည်။

ယခု ရေခမ်းခြောက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် အမှတ် (၁) ရပ်ကွက်မှ တွင်းရေများကို အသုံးပြုနေရပြီး ဂါလံ (၂၀၀) ဆံ ကားတစ်စီးလျှင် ကျပ် (၅၀၀၀) ဖြင့် ပေးဝယ်ကာ ရေရှားပါးမှုကို   ဖြေရှင်းနေကြရသည်။

သံတွဲမြို့ သောက်သုံးရေ ရှားပါးမှုနှင့် ခမ်းခြောက်မှုကို လျော့ချနိုင်ရန် ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ငွေကျပ်သန်း ၅၀၀ ခွင့်ပြုထားပြီးဖြစ်သော်လည်း ဆည်နေရာကို ဒွါရဝတီမြို့သစ်သို့ ပြောင်းရွေ့တည်ဆောက်ရန် စီစဉ်နေသဖြင့် နှောင့်နှေးမှုများရှိနေကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly