အခွင့်အရေးပေးထားမှုများ ကုန်ဆုံးတော့မည်ဟု မာရှယ်ကို မော်ရင်ဟိုသတိပေး

အခွင့်အရေးပေးထားမှုများ ကုန်ဆုံးတော့မည်ဟု မာရှယ်ကို မော်ရင်ဟိုသတိပေး

နိုဝင်ဘာ ၂၆၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်တွင် အခွင့်ရေးပေးထားမှုများကုန်ဆုံးတော့မည်ဟု မာရှယ်ကို နည်းပြမော်ရင်ဟိုက သတိပေး လိုက်သည်။

ပြင်သစ်ကစားသမားမှာ ကြံ့ခိုင်မှုပြည့်ဝနေသော်လည်း ဖီယင်နုကို ၄-၀ ဖြင့်နိုင်သည့်ပွဲ၌ ချန်လှပ်ခံရပြီး မစ်ခီတာယန်က ကစားခွင့်ရခဲ့ကာ ခြေစွမ်းလည်းစောင့်ကြည့်ခံခဲ့ရသည်။

ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးသာသွင်းထားသည့် မာရှယ်မှာ ခြေစွမ်းကောင်းများပျောက်ဆုံးလျှက်ရှိသည်။ ပြင်ပ ဘဝနှင့် နွေရာသီအတွင်းနားချိန်အလုံအလောက်မရခဲ့ခြင်းက ခြေစွမ်းကိုထိခိုက်နေသည်ဟုလည်း ယူဆရသည်။

အသက် ၂၀ အရွယ်ကစားသမားမှာ ‘မာရှယ် 9’ ကို ၎င်း၏အမှတ်တံဆိပ်အဖြစ်ရည်ရွယ်ထားသော်လည်း ကျောနံပါတ် ၉ ကို အီဘရာဟီမိုဗစ်အားလွှဲပေးခဲ့ရ၍လည်း စိတ်ပျက်ခဲ့ရသည်။

အာဆင်နယ်နှင့်သရေကျသည့်ပွဲတွင် ရုန်းကန်ခဲ့ရသည့် မာရှယ်မှာ ယူရိုပါလိဂ်တွင်ခြေစွမ်းပြခဲ့သည့် မစ်ခီတာယန်၏နောက် အရန်ခုံသို့ပို့ဆောင်ခံရဖွယ်ရှိနေသည်။

“အခွင့်အရေးတွေရနေမယ်။ နှစ်ခါ၊ သုံးခါရနေမယ်။ အဲဒါကိုအမိအရအသုံးမချနိုင်ရင် တခြားသူက ယူသွားလိမ့်မယ်။ မာရှယ်ဟာ ဖီယင်နုနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကစားသမား ၁၂ ယောက် ကစားခိုင်းလို့မရဘူးလေ။

ကစားသမားတွေအနေနဲ့ ကိုယ့်နေရာကိုယ် သေချာအောင်လုပ်ရမယ်။ သူတို့တွေဟာ သူငယ်ချင်းတွေ၊ အသင်းဖော်တွေဆိုပေ မယ့် ကစားခွင့်ပိုရဖို့အတွက်တော့ သူတို့အချင်းချင်းကြားမှာ ပြိုင်ဆိုင်နေရမယ်။

အာဆင်နယ်နဲ့ပွဲမှာ မာရှယ်ကစားခဲ့တယ်။ ကြာသပတေးနေ့ပွဲမှာတော့ မစ်ခီတာယန် ကစားဖို့ အခွင့်အရေးရလာခဲ့တယ်”ဟု မော်ရင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly