၁၀၅ မိုင် တိုက်ခိုက်မှု ၅ ရက်အတွင်း ထိခိုက်သူ ၄၃ ဦးထိရှိနေ

၁၀၅ မိုင် တိုက်ခိုက်မှု ၅ ရက်အတွင်း ထိခိုက်သူ ၄၃ ဦးထိရှိနေ
ဓာတ်ပုံ-EPA

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ။               ။ ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယနေ့ (နိုဝင်ဘာ ၂၅) ထိ ၅ရက်အတွင်း ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၄၃ ဦးအထိ ရှိနေသည်ဟု မူဆယ် ကုတင် ၁၀၀ ဆန့် ဆေးရုံ အချက်အလက်များအရ သိရသည်။

“ နိုဝင်ဘာ ၂၀ ရက်ကနေဆိုရင် ဒီနေ့အချိန်ထိ ၂၄ ရက်ထိဆို ၄၃ ဦးရှိခဲ့တယ် ။ ဒီနေ့ကတော့ ဆေးရုံရောက်လာတဲ့သူ မရှိဘူး။ အခုချိန်ထိပေါ့။ အခုလက်ရှိကတော့ ကျွန်မတို့ဆေးရုံမှာ ၁၇ ယောက်ပဲ။ ကျန်တဲ့သူတွေက ပြန်သွားပြီ ” ဟု မူဆယ်မြို့ ကုတင် ၁၀၀ဆန့်ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက မဇ္စျိမသို့ ပြောသည်။

တပ်မတော်နှင့် KIA (ကချင်)၊ TNLA (တအောင်း/ ပလောင်)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) အဖွဲ့တို့ နိုဝင်ဘာ ၂၀ ရက်မှစတင် တိုက်ပွားဖြစ်ပွားခဲ့သောကြောင့် လက်ရှိအချိန်ထိ လုံခြံုရေးတပ်ဖွဲ့နှင့် အရပ်သားဘက်မှ ဒဏ်ရာရသူ ၃၅ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေကြောင်း သိရသည်။

“ သေဆုံးတာ ၈ ဦးပေါ့။ ကျွန်မတို့ ဆေးရုံမှာ ဆုံးတာကတော့ ၁ယောက်ပဲ ”  ဟု ဒေါ်မြမြစန်းက ပြောဆိုသည်။

KIA  ၊ TNLA နှင့် MNDAA အဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပြည်သူ့စစ် ၂ ဦးနှင့် အရပ်သား ၅ ဦးသေဆုံးထားကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၂ ညနေပိုင်းထိ ထိခိုက်ဒဏ်ရာရသူအနေဖြင့် စုစုပေါင်း ၃၃ ဦးထိရှိနေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထိတွေ့မှု စတင်ဖြစ်ပွားသည့်ရက်မှ စတင်ကာ မူဆယ်မြို့ရှိ ဘဏ်၊ စျေး နှင့် ကျောင်းများပိတ်ထားရာမှ စျေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီး ဘဏ်များမှာဖွင့်လှစ်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ၃၂၀၀ ခန့်ရှိရာမှ နယ်မြေပြန်လည်တည်ငြိမ်ပြီဖြစ်၍ နေရပ်သို့ ပြန်သူများလည်းရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly