ဇီကာဗိုင်းရပ်(စ်) အန္တရာယ် တားဆီးကာကွယ်ရေး လူထုလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်တွင် ၆ လ လုပ်ဆောင် မည်

ဇီကာဗိုင်းရပ်(စ်) အန္တရာယ် တားဆီးကာကွယ်ရေး လူထုလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်တွင် ၆ လ လုပ်ဆောင် မည်
(ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်) မဇ္ဈိမ )

ရန်ကုန်၊ နိုဝင်ဘာလ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ပရဟိတအသင်းများစုပေါင်းပြီး ဇီကာဗိိုင်းရပ်(စ်)အန္တရာယ် တားဆီး ကာကွယ်ရေးအနေဖြင့် လူထုလှုပ်ရှားမှုကို ၆ လကြာထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇီကာဗိုင်း ရပ်(စ်) တားဆီး ကာကွယ်ရေးလုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းမြေ့အောင်က ပြောသည်။

" ဇီကာဗိုင်းရပ်(စ်)ဆိုတာက တစ်မ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်နေပြီလေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကြေညာချက်တစ်ခု ထုတ်ထားပါတယ်။ အာရှဒေသမှာ ဇီကာဗိုင်းရပ်(စ်)က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနိုင်ခြေ ရှိတယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။ စင်ကာပူလို ခြင်အရမ်းရှားတဲ့ နိုင်ငံမျိုးမှာတောင်မှ ဇီကာဗိုင်း ရပ်(စ်) ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရတယ်ဆိုရင် မြန်မာနိုင်ငံမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ် "ဟု ၄င်းက ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ ဇီကာဗိုင်းရပ်(စ်) တားဆီးကာကွယ် ရေးလူထု လှုပ်ရှားမှုကို ဌာနဆိုင်ရာများအပါအဝင် ပရဟိတအသင်းများစုပေါင်းပြီး ရပ်ကွက်အတွင်းရှိ   နေအိမ်များသို့ ကွင်းဆင်းကာ ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများ ဆေးခတ်ခြင်း၊ အသိပညာပေး ခြင်းများကို ပထမဆုံး အကြိမ် စတင်ပြုလုပ်ခဲ့သည်။

" ပြည်သူတွေ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်မှ ရမှာပါ။
ဇီကာဗိုင်းရပ်(စ်)ကတော့ ရေကြည် ၊ ရေသန့်မှာ ပေါက်တဲ့ ခြင်ပေါ့။ အဲ့ဒီကနေပဲ ကူးစက်နိုင်တာပါ။ အဲ့ဒီတော့ ကိုယ့်ခြံထဲမှာရှိတဲ့ တာယာကွင်းအဟောင်းတွေ၊ အိုးခြမ်း အကွဲတွေ၊ ရေပုံးအဟောင်းတွေ အဲ့ဒီမှာတင်ကျန်နေတဲ့ ရေကြည်တွေမှာပေါက်နေတဲ့ ပိုးလောက်လန်း တွေက တဆင့် ခြင်တွေဖြစ်ပြီး ကူးစက်နိုင်တာကြောင့် သတိထားဖို့လိုပါတယ် " ဟု ဦးချမ်းမြေ့အောင်က ရှင်းပြသည်။

အဆိုပါ လူထုလှုပ်ရှားမှုကို ရေရှည်လုပ်ဆောင်နိုင်ရန် ရွှေပြည်သာမြို့နယ်အတွင်း ပရဟိတအသင်းများမှ ကိုယ်စားပြု တစ်ဦးစီဖြင့် ဇီကာဗိုင်းရပ်(စ်) တားဆီးကာကွယ်ရေး လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း၊ လှုပ်ရှားမှုအနေဖြင့် ယခုမှစတင်လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ၄င်း ပြောပြချက်အရသိရသည်။

" ကျွန်တော်တို့ကတော့ ပြည်သူတွေကို ဇီကာဗိုင်းရပ်(စ်)ပဲဖြစ်ဖြစ် တခြားသော အများပြည်သူကို ဒုက္ခရောက် နိုင်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘာပဲဖြစ်ဖြစ် ပြည်သူတွေသိနိုင်အောင် အတတ်နိုင်ဆုံး သတင်း အချက်အလက်တွေ ပေးသွားမယ်။ အခု ပူးပေါင်းဆောင်ရွက်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာကလည်း အရေအတွက်အားဖြင့် ပြည်သူထက်စာရင် အများကြီးနည်းတယ်။
ဒါကြောင့် ပြည်သူတွေက ပြန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး အရေးကြီးပါတယ်။ "ဟု ရွှေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယ တပ်ရင်းမှူး ဦးခင်မောင်ဝင်းက ဆိုသည်။

အဆိုပါလှုပ်ရှားမှုုကို ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များအားလုံးကို တစ်ချိန်တည်း လုပ်ဆောင်ခြင်းဖြစ်ကာ လှုပ်ရှားမှုကိုလည်း တစ်ပတ်လျှင် ၂ ကြိမ်ဖြင့် ၆ လကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းမြေ့အောင် ပြောပြချက် အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly