ကဘူးလ်မြို့ရှိ ရှီးယိုက်ဗလီတွင် အသေခံဗုံးခွဲ၍ လူဒါဇင်များစွာ သေဆုံး

ကဘူးလ်မြို့ရှိ ရှီးယိုက်ဗလီတွင် အသေခံဗုံးခွဲ၍ လူဒါဇင်များစွာ သေဆုံး

ကဘူးလ်၊ နိုဝင်ဘာ ၂၁ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင်းရှိ ရှီးယိုက်မွတ်စလင်ဗလီကို အသေခံဗုံးခွဲသူတစ်ဦး ဗုံးဖောက်ခွဲ၍ လူ ၂၇ ဦး သေဆုံးကြောင်း ရဲက ပြောသည်။

ဘာကာအူအိုလမ်ဗလီတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၃၅ ဦးရှိသည်။

အသေခံဗုံးခွဲသူက ဗလီသို့ ခြေလျင်လာရောက်ကာ ဗလီတွင်း လူအများကြား ကိုယ်ကိုကို ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့လုပ်ဆောင်ကြောင်း လတ်တလောကြေညာသေးခြင်းမရှိသော်လည်း အာဖဂန် ရှီးယိုက်အသိုင်းအဝန်းအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ များပြားဖြစ်ပွားလာခြင်းများအနက် တိုက်ခိုက်မှုတစ်ရပ်လည်းဖြစ်သည်။

ရှီးယိုက် အာဇာနည်လည်းဖြစ်ပြီး တမန်တော်မိုဟာမတ်၏ မြေးဖြစ်သူ အီမမ်ဟူစိန် ကွယ်လွန်ခြင်း အထိမ်းအမှတ် စုဝေးမှုတွင် ယခုနောက်ဆုံးဗုံးခွဲတိုက်ခိုက်မှုအား ကျုးလွန်ခြင်းဖြစ်သည်။

“ကျွန်တော် ဗလီထဲမှာ ရှိနေတယ်။ ဝတ်ပြုဆုတောင်းနေကြစဉ်မှာ ပေါက်ကွဲမှုကြီးဖြစ်တာပဲ။ နေရာတိုင်း မည်းမှောင်သွားတယ်။”ဟု ပေါက်ကွဲမှုအတွင်း ဒဏ်ရာအနည်းငယ်သာ ရသူတစ်ဦးက အေပီသတင်းသို့ ပြောသည်။

သေဆုံးသူများတွင် ကလေးငယ်များပါ ပါဝင်ကြောင်း ဌာနေသတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly