"မြင်းခြံမြို့တွင် ကျေးရွာမီးလင်းရေးကော်မတီကို မကျေနပ်၍ ဒေသခံများ ဆန္ဒဖော်ထုတ်"

"မြင်းခြံမြို့တွင် ကျေးရွာမီးလင်းရေးကော်မတီကို မကျေနပ်၍ ဒေသခံများ ဆန္ဒဖော်ထုတ်"
(ဓာတ်ပုံ၊Than Htaik Aung)

မန္တလေး၊နိုဝင်ဘာ ၂၁ ။       ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ကျေးရွာမှဒေသခံများက ကျေးရွာမီးလင်းရေးကော်မတီ၏ ဆောင်ရွက်ချက်များကို မကျေနပ်သောကြောင့် နိုဝင်ဘာလ ၂၁ ရက်၊ နံနက် ၉ နာရီက မြင်းခြံမြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကန်ကျေးရွာမှ ဦးနေဝင်းက "ငွေစာရင်းလည်းမရှင်းဘူး။ ပြီးတော့ အရင်သတ်မှတ်ခဲ့တဲ့ နှုန်းထက် ထပ်တိုးကောက်တယ်။ မပေးရင် မီးမရဘူးလို့ပြောတယ်။ ဒါတွေကို တစ်ရွာလုံးက မကျေနပ်လို့ အခုလို ဆန္ဒဖော်ထုတ်တာပါ။"ဟု ပြောသည်။

ကန်ကျေးရွာ မီးလင်းရေးကော်မတီကို ၂၀၁၀ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး တစ်အိမ်ကို ကျပ် ငါးသိန်းသတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ကြေး ကျပ်ငါးသိန်းဖြင့် အိမ်အရောက်မီးအလင်း အပြီးအစီးဆောင်ရွက်ပေးရန်ဟု မီးလင်းရေးကော်မတီနှင့်ဒေသခံများက သဘောတူထားသော်လည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ မီးရရှိသည့်အချိန်တွင် အိမ်အထိ မီးရရှိလိုပါက ကျပ်ငွေတစ်သိန်း ထပ်မံတောင်းဆိုခဲ့ခြင်းကြောင့် ဒေသခံများက မကျေမနပ်ဖြစ်ပေါ်ခဲ့ကြောင်း ဦးနေဝင်းက ဆိုသည်။

ထိုသို့ဒေသခံများနှင့်မီးလင်းရေးကော်မတီတို့ အငြင်းပွားနေမှုကို ဖြေရှင်းပေးရန် သက်ဆိုင်ရာသို့ တင်ပြ တိုင်ကြားခဲ့သော်လည်း ညှိုနှိုင်းဖြေရှင်းပေးခြင်းမရှိကြောင်း ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဒေါ်ခင်ခင်ကြိုင်က "ငါးသိန်းနဲ့အိမ်အရောက်၊ မီတာပါပြီး သဘောတူထားတာ အခု မီးရပြီဆိုတော့ မီတာဖိုး တစ်သိန်းထပ်တောင်းတယ်။ အဲဒီထပ်တောင်းတာကို မကျေနပ်ကြတာပါ။ ပြီးတော့တိကျတဲ့ ရှင်းတမ်းလည်း ထုတ်မပေးဘူး "ဟု ပြောသည်။

ကန်ကျေးရွာတွင် အိမ်ခြေ ၂၀၁ အိမ် ရှိပြီး ငါးသိန်းထည့်ဝင်ခဲ့သူ ၁၃၁ အိမ် ရှိကြောင်းသိရသည်။ ထိုအထဲမှ ထပ်လောင်းတောင်းငွေ ကျပ်တစ်သိန်းပေး၍ မီးလင်းခဲ့သည့် အိမ် ၉၃ အိမ် ရှိပြီး တစ်သိန်းထပ်လောင်း မပေးနိုင်သည့်အိမ် ၂၈ အိမ် ကျန်ရှိနေကြောင်းသိရသည်။

မီးရရှိသူတစ်ဦးက "အရင် ငါးသိန်းနဲ့သဘောတူထားတာပါ။ မီးရချင်ရင် တစ်သိန်းထပ်ပေးရမယ်ဆိုတော့ ပေးလိုက်တာပဲ။ ရှိလို့တော့ မဟုတ်ပါဘူး။ မီးရချင်လို့ပါ "ဟုပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် မြင်းခြံမြို့ ၁၈ ရပ်ကွက်ရှိဘောလုံးကွင်းမှ စတင်၍ မြို့တွင်းကိုပတ်ကာ ငွေပေးထားသူများအားလုံးကို ကတိအတိုင်း မီးလင်းပေးရေး(ဒို့အရေး)၊ ကန်ရွာ မီးလင်းရေးကော်မတီ၏ ငွေစာရင်းရှင်းတမ်းအား သက်ဆိုင်ရာက စစ်ဆေးပေးရေး (ဒို့အရေး)၊ကျေးရွာ မီးလင်းရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းရေး (ဒို့အရေး)စသည့်ဖြင့်   ကြွေးကြော်ချီတက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly