မူဆယ်တိုက်ပွဲကြောင့် ရဲတစ်ဦးသေဆုံး ရဲနှစ်ဦးစိုးရိမ်ရ ဒဏ်ရာရသူစုစုပေါင်း ၂၉ဦးရှိနေ

မူဆယ်တိုက်ပွဲကြောင့် ရဲတစ်ဦးသေဆုံး ရဲနှစ်ဦးစိုးရိမ်ရ ဒဏ်ရာရသူစုစုပေါင်း ၂၉ဦးရှိနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။  ။ AA(ရခိုင်တပ်မတော်)၊ TNLA (တအာင်းအမျိုးသားလွပ်မြောက်ရေးတပ်မတော်)၊ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) နှင့် တပ်မတော်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မူဆယ်တွင် ရဲတစ်ဦးသေဆုံး နှစ်ဦးစိုးရိမ်ရအနေအထားရှိကာ ဒဏ်ရာရသူစုစုပေါင်း ၂၉ ဦးထိရှိနေကြောင်း မူဆယ်ကုတင် ၁၀၀ ဆန့်ဆေးရုံ၏ အချက်အလက်များအရ သိရသည်။

“အခြေအနေဆိုးတာက လောလောဆယ်သုံးယောက်ရှိတယ်။ ရဲက နှစ်ယောက်၊ မိန်းကလေးကတစ်ယောက် ခေါင်းထိတာလေ" ဟု မူဆယ် ကုတင် ၁၀၀ဆန့်ဆေးရုံ လူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းကပြောဆိုသည်။

ကုတင် ၁၀၀ ဆန့်ဆေးရုံသာဖြစ်သည့်အတွက် ဆေးဝါးပစ္စည်းမစုံလင်သောကြောင့် ရဲတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့ရှိဆေးရုံသို့ပို့ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

တိုက်ပွဲများကြောင့် မူဆယ်မြို့တွင် တာဝန်ရှိသူမှအပ ဖြတ်သန်းသွားလာသူ မရှိသလောက်ဖြစ်နေကြာင်းသိရသည်။

“လောလောဆယ်တော့ သီပေါ ပန်ဆိုင်း ဘက်မှာဖြစ်နေတုန်းပဲ" ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောဆိုသည်။

လက်ရှိအချိန်ထိ မိုင်တိုင်အမှတ် ၂၅၉ ရှိ ဆော်လွန်တံတားမှာ မိုင်းထိသဖြင့် ထိခိုက်နေပြီး နမ့်ပေါ်ချောင်းတံတားများ လက်နက်ကြီးထိမှန် ထားကြောင်းမူဆယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှသိရသည်။

AA(ရခိုင်တပ်မတော်)၊ TNLA (တအာင်းအမျိုးသားလွပ်မြောက်ရေးတပ်မတော်)၊ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်  တပ်မတော်) တို့ပူးပေါင်းထားသည့် မဟာမိတ် တပ်ပေါင်းစုနှင့် တပ်မတော်တို့ ယနေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်သည့် ဒေသတွင် AA ၊ TNLA ၊ MNDAA အပြင် KIA/ KIO တို့ပါရှိနေသည့် ဒေသဖြစ်ပြီး ယင်းအဖွဲ့များမှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

“ကျွန်တော်တို့ သုံးဖွဲ့ကတော့ သေချာတယ် KIA ပါမပါတော့ ဌာနချုပ်နဲ့ဆက်သွယ်ပြီးမှပြောလို့ရမယ်" ဟု  ရခိုင့်တပ်မတော် (AA)၏  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကပြောကြားသည်။

တိုက်ပွဲများကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၃ နာရီခန့်တွင် ဗုံးခွဲခံရသော သန္နီတံတားအား ၁၂ ဘီးကားအထိသွားလာဖြတ်သန်းပေးထားကြောင်းသိရသည်။

၂၂ ဘီးကုန်များ တင်ဆောင်လာသော တွဲကားများအား အခြေအနေအရ ဖြတ်သန်းခွင့်ယာယီ ဆက်လက် ပိတ်ထားသည်ဟုလည်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မြေပြင်အခြေအနေ ထိခိုက်မှုဖြစ်စဉ်များကို အတည်မပြုနိုင်သေးဘဲ တပ်မတော်က လည်း အတည်ပြုပြီးပါက ယနေ့တွင် သတင်းထုတ်ပြန်ပေးသွားမည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းပြန်ကြားရေးအဖွဲ့ မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly