နည်းပြဂွါဒီယိုလာနှင့် မန်စီးတီးအသင်းဖော်များကို ယာယာတိုရေးကျေးဇူးတင်

နည်းပြဂွါဒီယိုလာနှင့် မန်စီးတီးအသင်းဖော်များကို ယာယာတိုရေးကျေးဇူးတင်

နိုဝင်ဘာ ၂၀၊ အင်္ဂလန် ။             ။ မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မန်စီးတီးအသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သည့် ယာယာတိုရေးက အသင်းတွင်ပြန်ကစားခွင့်ပေးခဲ့သည့် နည်းပြဂွါဒီယိုလာနှင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည့် အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

ယာယာတိုရေးသည် ၎င်းအေးဂျင့်၏ နည်းပြဂွါဒီယိုလာအပေါ်ပေးခဲ့သည့်မှတ်ချက်ကြောင့် ပွဲကစားခွင့်ဆုံးရှုံးနေရသူဖြစ်ပြီး ယခုတစ်ပတ်အစောပိုင်းက ပြန်တောင်းပန်ခဲ့မှုကြောင့် ယခုနှစ်ရာသီတွင် ပထမဆုံးပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့်ပြန်ရခဲ့ခြင်းဖြစ်သည်။

ယာယာတိုရေးသည် ပထမဆုံးပြန်ကစားခွင့်ရသည့် ပွဲမှာပင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့သည်။ ပွဲအပြီးတွင် တိုရေးက ‘အသင်းမှာ ပြန်ကစားခွင့်ရတာက တကယ်ကိုကောင်းပါတယ်။ အခြေအနေက တကယ်ကိုခက်ခဲတဲ့ အခြေအနေပါ။ အသင်းမှာ ပြန်ကစားခွင့်ပေးခဲ့တဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တကယ်ကို ပျော်ပါတယ်။ ဂိုးသွင်းနိုင်လို့ မဟုတ်ပါဘူး။ ပြန်ကစားခွင့်ရလို့ပါ။ အသင်းနဲ့ အသင်းဖော်တွေကို ကူညီချင်တယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ အသင်းဖော်တွေကလည်း ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပါတယ်။ ရာသီအဆုံးမှာသာ ချန်ပီယံဆုကြီးကို ရခဲ့မယ်ဆိုရင် အရမ်းကို ကောင်းမွန်သွားမှာပါ’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly