ဘရာဇီးကွင်းလယ်လူ အီမာဆင်ကို ရန်ကုန် ယူနိုက်တက်အသင်း တစ်ရာသီစာချုပ် ချုပ်ဆို

ဘရာဇီးကွင်းလယ်လူ အီမာဆင်ကို ရန်ကုန် ယူနိုက်တက်အသင်း တစ်ရာသီစာချုပ် ချုပ်ဆို
(ဓာတ်ပုံ - ရန်ကုန် ယူနိုက်တက်)

၂၀၁၇ ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် အကောင်းဆုံး ပြင်ဆင်မှုများပြုလုပ်နေတဲ့ ရန်ကုန် ယူနိုက်တက်အသင်းဟာ ပထမဆုံး နိုင်ငံခြားသား ခေါ်ယူမှုအဖြစ် ဘရာဇီးကွင်းလယ်လူ အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၀) အရွယ်ရှိ အီမာဆင်ဟာ ၄င်းရဲ့ ကစားသမားဘဝကို ၂၀၀၂ ခုနှစ်တွင် ဂွာရာနီအသင်းမှာ စတင်ခဲ့ပြီး အယ်ဆာဗေးဒါနှင့် ဘော့စနီးယားနိုင်ငံတို့တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီတွင် အီမာဆင်ဟာ ရန်ကုန် ယူနိုက်တက်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဥရောပကလပ် အသင်း တစ်သင်းဖြစ်တဲ့ FK ဆာရာ ဂျေဘိုတွင် တစ်ရာသီ သွားရောက်ကစားခဲ့ပါတယ်။

အီမာဆင်က မြန်မာနိုင်ငံသို့ ပြန်လာဖြစ်တဲ့ အကြောင်းနှင့် ပတ်သတ်ပြီး “မြန်မာပြည်ကို ပြန်လာပြီး ရန်ကုန်အသင်းနဲ့ ပြန်လက်တွဲ ဖြစ်တာက ကိုယ်သိတဲ့ နိုင်ငံလည်း ဖြစ်တယ်။ ပြီးတော့ ဒီကဘောလုံးလိဂ်နဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့အတွက် ပြန်လာဖို့ ဆုံးဖြတ်လိုက်တာပါ။ ရည်မှန်းချက်ကြီးမားတဲ့ ရန်ကုန်အသင်းနဲ့ ပြန်လည် လက်တွဲခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီး ကွင်းလယ်ကစားသမား အီမာဆင်ဟာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီများတွင် ရန်ကုန် ယူနိုက်တက်အသင်း တွင် ပါ၀င်ကစားခဲ့ဖူးသည့် ကစားသမားဟောင်းဖြစ်ပြီး ရန်ကုန်အသင်းနှင့်အတူ ၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Source: Yangon United Football Club

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly