ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မည့် ANP ပါတီ၏ အလားအလာနှင့် ပတ်သက်ပြီး ဥက္ကဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြန်းခန်း

By RiA
17 November 2016
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မည့် ANP ပါတီ၏ အလားအလာနှင့် ပတ်သက်ပြီး ဥက္ကဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြန်းခန်း

စစ်တွေ၊ နိုဝင်ဘာ ၁၇ ရက် ။           ။ မကြာမီ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲဆန္ဒနယ်သို့ ရခိုင်ပြည်နယ်၏ အင်အားကြီး အတိုက်အခံပါတီ ရခိုင်အမျိုးသားပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီ၏ အလားအလာနှင့် ပါတီမှ ခွဲထွက်ပါတီကိစ္စရပ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ANP ကိုယ်စားလှယ်များအပေါ် အမြင်သဘောထားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD တို့အပေါ် လတ်တလော အမြင်သဘောထားများကို ဥက္ကဌ ဒေါက်တာ ဦးအေးမောင်အား RiA သတင်းထောက် မင်းမျိုးနွယ်က သီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

RiA။    ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လို ပြင်ဆင်နေပါသလဲ။

UAM။    ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အစီအစဉ်တွေရှိပါတယ်။ အဲဒါတော့ဆုံးဖြတ်ပြီးပြီဗျ။ ပထမတစ်ချက်က ကျွန်တော်တို့ပါတီဘက်က ယှဉ်ပြိုင်မယ်။ နောက်တစ်ချက်က နိုင်ဖို့လိုပါတယ်။ အဲဒီတော့ နိုင်မယ့်အခြေအနေ ရှိလားမရှိလား။ လူထုက ဘယ်လိုသဘောထားရှိလဲ။ မြို့နယ်ပါတီရဲ့သဘောထားကဘယ်လိုလဲ။ ပြိုင်ဘက် ပါတီတွေရဲ့အနေအထားက ဘယ်လိုလဲ။ အဲဒါလေးတွေ သုံးသပ်ဖို့ ပြီးခဲ့တဲ့ CEC အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူး ဦးဆောင်ပြီးတော့ အမှုဆောင် ၆ ဦးပါဝင်တဲ့ အဖွဲ့ဟာ အမ်းကိုဆင်းသွားတယ်။ အရေးကြီးတဲ့နေရာတွေ ဒါးလက်ရှိမယ်။ ရူးရှိမယ်။ စသဖြင့်ပေါ့။ အရေးကြီးတဲ့ နေရာတွေမှာ လူထုတွေနဲ့ တွေ့ဆုံးပြီးတော့ ပါတီရဲ့သဘောထားတွေ လိုအပ်တာတွေကို ကောက်ပြီးမှ မြေပြင်အခြေအနေမှာ ဘယ်လိုရှိနေလဲ။ ဘာတွေကိုတွေ့ရှိသလဲ။ ဒါတွေကို သုံးသပ်ပြီးတော့ ပါတီဌာနချုပ်ကို ဘယ်လိုထောက်ခံအကြံပြုမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့ ထောက်ခံ အကြံပြုချက်တွေအပေါ်မှာပဲ ကျွန်တော်တို့ပါတီဘက်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

RiA။    ။ ပြိုင်ဘက်ပါတီတွေ အနေနဲ့ရော ရခိုင်ပြည်နယ်ထဲမှာ ဘယ်ပါတီတွေက ဝင်ပြိုင်မယ်လို့ သိရလဲခင်ဗျား။ အရေအတွက် ဘယ်လောက်ရှိနိုင်မလဲ။

UAM။    ။ ဒါကိုတော့ ကျွန်တော်မသိဘူး။ ခင်ဗျားတို့ပဲလေ့လာကြည့်ပါ။ အသေးစိပ်မသိဘူးဗျ။  အရင်ပြိုင်တဲ့ ပါတီတွေပဲ ဖြစ်မှာပါ။ ဒီလောက်ထိ အသေးစိပ်တော့ ခင်ဗျားတို့ ရွေးကောက်ပွဲကော်မရှင်ကို မေးမှဖြစ်မယ်။ တသီးပုဂ္ဂလလည်း ရှိရင်ရှိမှာပေါ့နော်။

RiA။    ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲထဲမှာ ပါတီထဲက မဟုတ်ဘဲ အပြင်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေကြတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်ခင်ဗျား။ အဲဒီအပေါ်မှာ ပါတီအနေနဲ့ ဘယ်လိုရွေးချယ်မှုတွေ လုပ်သွားဖို့ရှိလဲ။

UAM။    ။ ဒါကတော့ ကျွန်တော်ခုနက ပြောသလိုပါပဲ။ လေ့လာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားတယ်။ သူတို့ဘက်က တင်ပြလိမ့်မယ်။ ကျွန်တော်တို့ပါတီရဲ့ရပ်တည်ချက်ကတော့ နိုင်ဖို့လိုအပ်တယ်။ ဘာကြောင့်နိုင်ဖို့ လိုအပ်လဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်တို့သုံးသပ်တယ်။ ဒါကြောင့်မို့လို့ တခြားတိုင်းရင်းသားပါတီတွေကိုလဲ ကျွန်တော်တို့ တင်ပြတယ်။ ကိုယ့်ဒေသအလိုက် နိုင်အောင်လုပ်ပေးပါ။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရပြီးရင် ၂၀၁၅ အလွန်မှာ ဖွဲ့စည်းမယ့် အစိုးရသည် တိုင်းရင်းသားများလဲပါတဲ့ Collation Government ပုံစံဖြစ်မှပဲ ကျွန်တော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံကို ဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဘက်က ကျွန်တော်တို့ ပြည်နယ်အနိုင်ရဖို့ တော်တော်ကြိုးစားခဲ့ပါတယ်။ အမ်းရယ်၊ မာန်အောင်ရယ်၊ ဂွရယ် သုံးပွင့်ဆိုင်ပေါ့။ ကျွန်တော်တို့ပိုပြီး အာရုံစိုက်ခဲ့တယ်။

ပြီးမှကျွန်တော်တို့ ကြိုးစားပမ်းစား တည်ဆောက်တာပေါ့။ အဲသလို တည်ဆောက်သလိုပဲ ဘူးသီးတောင်၊ မောင်တော ဘက်ကိုလဲ ကျွန်တော်တို့ အချုပ်အခြာအာဏာမဆုံးရှုံးရအောင်၊ မဲမပေးသင့်တဲ့လူတွေ နိုင်ငံရေးအားဖြင့် အထွတ်အထိပ်ကို မရောက်သွားရအောင် ဆောင်ရွက်ခဲ့တာတွေလဲ ရှိတယ်။ အဲဒီနှစ်ခုမှာ အဓိကအရေးကြီးတာက တောင်ပိုင်း တည်ဆောက်မှုပေါ့။ တြိဂံဒေသပုံစံ အမ်း၊ မာန်အောင်၊ ဂွ။ အဲဒီဒေသမှာ ကျွန်တော်တို့ ထင်သလောက်ခရီး မပေါက်ခဲ့ဘူး။ အမ်းမှာတော့ နှစ်နေရာ ရခဲ့ပါတယ်။ မာန်အောင်မရဘူး။ သံတွဲမရဘူး။ တောင်ကုတ်မရဘူး။ ဂွမရဘူး။ ဆိုတော့ အဲဒါလေးတွေကို ပြန်သုံးသပ်ဖို့အတွက် အမ်းသည် ၂၀၂၀ ရွေးကောက်ပွဲ ကျွန်တော်တို့ တကယ်လိုချင်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားဖို့အတွက်လမ်းစ တစ်ခုဖြစ်တယ်။

တစ်နည်းအားဖြင့် မြန်မာ့ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်မှန်တဲ့ပြည်ထောင်စုကို တကယ်လက်တွေ့ ဆောင်ရွက်တဲ့ နေရာမှာ ပါနိုင်အောင် ပါလီမာန်ထဲကိုလဲ ကဏ္ဍတစ်ခုအထိ လွှမ်းမိုးဖို့လိုတယ်။ အစိုးရအဖွဲ့မှာလဲပဲ Collation ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှပဲ ပြည်ထောင်စုအတွက် ကျွန်တော်တို့လိုချင်တဲ့ လမ်းကြောင်းကို တင်ပေးလို့ ဖြစ်နိုင်တော့မယ် ဆိုတာကို သဘောပေါက်နေတာမို့လို့ ၂၀၁၅ လိုမဖြစ်ရအောင်။ ပါတီကြီးတစ်ခုက ပြည်နယ်တစ်ခုလုံး နိုင်သွားတာမျိုးမဖြစ်ရအောင် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အခြေခံကျတယ်။ ၂၀၂၀ ရဲ့ အရေးကြီးတဲ့ အားပြိုင်ပွဲပေါ့ဗျာ။ အဲဒါကြောင့် ကျွန်တော်တို့ပါတီဘက်ကလဲ ပိုပြီးတော့ အာရုံစူးစိုက်တယ်။

၂၀၂၀ အခင်းအကျင်းမှာ ရခိုင်ပြည်နယ် ပါလီမန်၊ ရခိုင်ပြည်နယ်အတွက် ကိုယ်စားပြုမယ့် ပြည်ထောင်စု ပါလီမန်တွေကို ကျွန်တော်တို့ လုံလုံလောက်လောက် ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်နိုင်အောင် အစမ်းသတ်ခံတဲ့ နယ်မြေဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ ဒါကြောင့် အမ်းမှာ ကျွန်တော်တို့နိုင်နိုင်မယ့် အကြောင်းအရာတွေကို လေ့လာဖို့လိုအပ်တယ်။ နိုင်မှဖြစ်မယ်။ နိုင်ခဲ့လို့ရှိရင် ၂၀၂၀ အတွက် ကြိုတည်ဆောက်လို့ရပြီ။ ကြိုတည်ဆောက်ဖို့အပ်လို့ ဒီကြားဖြတ်ကတည်းက နောက်လေးနှစ်အထိ အမ်းကို လူထုနဲ့ပါတီ အမ်းရဲ့လုံခြံုမှု ရခိုင်တစ်ပြည်နယ်လုံးရဲ့လုံခြံုမှုနဲ့ အမ်းအနေအထား၊ အမ်းမှာက တပ်မတော် စစ်ဌာနချုပ်ရှိတယ်။ အမ်းသည် ဝင်ဂိတ်တစ်ခုဖြစ်တယ်။ ဆိုတော့ အမ်း၊ မာန်အောင်၊ ဂွကို တည်ဆောက်ဖို့ ဆိုသော်လည်းပဲ မာန်အောင်နဲ့ ဂွမှာ ကြားဖြတ်ရွေးကောက်ပွဲ မရှိတဲ့အခါ အမ်းကို အာရုံပိုပြီးစူးစိုက်ဖို့ ဖြစ်လာတယ်။

RiA။    ။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီအနေနဲ့ မနိုင်ခဲ့ဘူး ဆိုလို့ရှိရင် နောက်ဆက်တွဲ အနေနဲ့ ပါတီအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ။

UAM။    ။ မနိုင်ခဲ့လို့ရှိရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့အများကြီး စည်းရုံးရေးဆင်းဖို့လိုမယ်။ အများကြီး နစ်နာချက်တွေ ရှိလာနိုင်တယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ပါတီတွင်းမှာလဲ မငြိမ်မသက်မှုတွေ၊ အင်အား ပြိုင်ဆိုင်မှုတွေ ရှိတာပေါ့။ ဒီဇင်ဘာ ၁၅ နောက်ပိုင်းမှာလဲ နောက်ပါတီသစ်တစ်ခု ထူထောင်ဖို့ရှိနေတယ် ဆိုတာကိုလဲ ကြားနေရတယ်လေ။ ကျွန်တော်တို့ ပါတီဘက်က အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌဆိုရင်လဲ အမ်းကိုပဲ အဓိကထားပြီး ဆင်းသွားတာကိုတွေ့တယ်။ သူ့ရဲ့မဲဆန္ဒနယ်မြေ မင်းပြားတောင်မလာဘူး။ အမ်းမှာ ကျေးရွာအုပ်စုတွေကို ပတ်ပြီး ဘယ်လိုဟာတွေကို တည်ဆောက်သွားသလဲဆိုတာကို ကျွန်တော်တို့မသိဘူးလေ။ အဲဒီအခါမှာ ကျွန်တော်တို့ပါတီက နိုင်ကိုနိုင်သင့်တယ်။ နိုင်ရမယ်။ နိုင်မှပဲ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ အမ်းကနေ ဂွထိ အမျိုးသား ပြန်လည်ရင်ကြားစေ့ဖို့ စည်းလုံးဖို့အတွက်၊ ဆောင်ရွက်မယ့် ခြေလှမ်းတွေအတွက် အရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်သလို တစ်ဖက်က ပါတီသစ်ထောင်မယ့် အင်အားစုတွက်လဲ အမ်းကို အခြေခံပြီးမှ ပါတီအသစ်အတွက် ရေသစ်မြေသစ်ရှာတာလဲ ဖြစ်နိုင်တာပါ့။ ရခိုင်မျိုးသားပါတီကို တာဝန်ခံထားရတဲ့ ကျွန်တော်တို့ကဲ့သို့သော လက်ရှိ တာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေက အမ်းကိုနိုင်မှဖြစ်မယ်။ နိုင်အောင်လဲ စည်းရုံးကြမယ်ဆိုတဲ့ မူနဲ့သွားတာပေါ့။ မနိုင်ခဲ့ရင်တော့ ကျွန်တော်ပြောသလို တစ်ဖက် အင်အားစုတွေရဲ့ စည်းရုံး သိမ်းသွင်းမှုကို လူထုပါသွားတယ်။ ကျွန်တော်တို့ လူထုကို လက်တွေ့မစည်းရုံးနိုင်တဲ့ သဘောဖြစ်တဲ့ဟာက ကျွန်တော်တို့ပဲ ညံ့ဖျင်းလို့ဖြစ်မှာပေါ့။

ကျွန်တော်တို့ ညံ့ဖျင်းရင် အမ်းရှုံးမယ်။ အမ်းလူထုရဲ့ သဘောထားနဲ့ အမ်းလူထုက ရခိုင်ပြည်နယ်အတွက် တင်မြှောက်ပေးလိုတဲ့၊ ကိုယ်စားပြုလိုတဲ့ ပုဂ္ဂိုလ်အစစ်အမှန်ကို ကျွန်တော်တို့ မရွေးပေးနိုင်ခဲ့ရင်တော့ဖြင့် အမ်းမှာ ကျွန်တော်တို့ရှုံးမှာပေါ့။ အဲဒါကြောင့် အမ်းလူထုက မဲပေး ရွေးချယ်တင်မြှောက်ပေးလိုတဲ့၊ သူတို့ကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အစစ်အမှန်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးကို လိုအပ်သလဲ။ လိုချင်သလဲဆိုတာကို လက်တွေ့ ကွင်းဆင်းပြီး ညှိနှိုင်းကြပါ။ လူထုလိုချင်တဲ့ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်သည် ကြားကာလအတွင်းမှာ ခင်ဗျားတို့ဘက်က Recommend လုပ်ပါဆိုတဲ့ သဘောနဲ့ ဆရာဦး ထွန်းအောင်ကျော်တို့ကို ကျွန်တော်တာဝန်ပေးခြင်းဖြစ်ပါတယ်။

လူထုတောင်းဆိုချက်နဲ့ ကျွန်တော်တို့ ပါတီဘက်က ကိုယ်စားလှယ်တွေ။ လူထုတောင်းဆိုချက်ကို ထပ်တူကျတဲ့ အစီရင်ခံစာကို တင်ပြရင် ကျွန်တော်တို့ရွေးလိုက်တဲ့ကိုယ်စားလှယ်ကို လူထုက မဲပေးရွေးချယ်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ မရှုံးဘူး။ နိုင်မယ်လို့ ကျွန်တော်တို့ု ယုံကြည်တယ်။ အဲလို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်အစစ်အမှန်ကို ကျွန်တော်တို့ မရွေးပေးနိုင်ခဲ့ရင်တော့ ရှုံးနိုင်တယ်။

RiA။    ။ ပါတီသစ်ပေါ်ပေါက်လာမယ့် အထဲမှာ ရခိုင်မျိုးသားပါတီဘက် ကော်မတီဝင်တွေ၊ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေလဲ ပါနေတယ်လို့ သိရတယ်။ အဲဒီအပေါ်မှာရော ပါတီဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ခံစာချက်တွေ အမြင်တွေရှိလဲ။

UAM။    ။ ဘယ်လိုမှမဖြစ်ပါဘူး။ ခင်ဗျားတို့လဲသိပါတယ်။ ဦးသိန်းစိန်အလွန် ကာလပေါ့နော် လက်ရှိ ဖွဲ့စည်းပုံကလဲ ပြောင်းလို့ မရသေးဘူး။ ဖွဲ့စည်းပုံကို ပြောင်းဖို့ကလဲ တပ်မတော်ဘက်က သဘောထားခိုင်မာမှပဲ။ ဒီဖွဲ့စည်းပုံကြောင့်ပဲ နှစ်ပေါင်း ရ၀ လောက်ပြည်တွင်းစစ် သံသရာမှာ လည်ပါတ်နေကြတော့ ဆုံးရှုံးမှုတွေအများကြီးပါ။ ဒီတော့ ဖွဲ့စည်းပုံကြီး တစ်ခုအရ ကျွန်တော်တို့တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို လိုချင်တယ်။ လွတ်လွတ်လပ်လပ်လေးပဲ ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ဒါ တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒပေါ့။ အဲလို တိုင်းရင်းသားအားလုံးရဲ့ဆန္ဒကို အကောင် အထည်ဖော်ဖို့အတွက် ဖွဲ့စည်းပုံကို ပြောင်းပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ကြိုတွေးခဲ့တာပေါ့ဗျာ။

အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာမယ့် အစိုးရသည် အရင်စစ်အစိုးရ တစ်ဖြစ်လဲ ဦးသိန်းစိန်အစိုးရလို မယှဉ်ကပ်ပဲနဲ့ တိုင်းရင်းသားများနဲ့ ညှိနှိုင်းမယ်။ စစ်မှန်တဲ့ပြည်ထောင်စုကို သွားလိုအား ရှိမယ်ဆိုတဲ့ ကျွန်တော်တို့ ယုံကြည်ခဲ့တာပေါ့။ ဒါကြောင့်လဲပဲ ကိုယ့်ပြည်နယ်အတွင်းမှာ ကိုယ့်ပါလီမန်ကို ထိမ်းချုပ်နိုင်အောင် အမတ်အရေအတွက် အများကြီးရအောင် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကကြိုးစားခဲ့တယ်။ တခြားနိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီတွေက ကျွန်တော်တို့ ရည်မှန်းသလို မအောင်မြင်ခဲ့တဲ့အခါ NLD က နိုင်သွားတယ်။

ရှမ်း ကျွန်တော်တို့ထက် နည်းပါတယ်။ ကျွန်တော်တို့ ယုံခဲ့တာပေါ့ NLD သည် ကျွန်တော်တို့ကဲ့သို့သော ဖွဲ့စည်းပုံကို ပြင်လိုတဲ့၊ တိုင်းရင်းသားများကို ကိုယ်စားပြုလိုတဲ့၊ တိုင်းရင်းသားများလိုလားတဲ့ စစ်မှန်တဲ့ပြည်ထောင်စု၊ တိုင်းရင်းသား ပါတီများ ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ချင်တဲ့ သဘောကို သူသက်ဝင်ယုံကြည်တယ်ဆိုတဲ့ သဘောနဲ့ အတူသွားခဲ့သော်လဲပဲ တကယ်နိုင်သွားတဲ့အခါမှာ အရင်ကြံ့ခိုင်ရေးပါတီတို့ ဖဆပလ တို့လိုပဲ လက်ဝါးကြီး အုပ်လာတာ တွေ့တယ်။

အဲဒီအခါမှာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်သော်လဲပဲ အစိုးရဖွဲ့ခွင့်မရရှိခဲ့ဘူး။ အဲဒီအခင်းအကျင်းကို ကျွန်တော်တို့ ဖြတ်သန်းပြီးပြီဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလမှာ ၂၀၁၅-၂၀ လိုပေါ့ဗျာ။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ အစိုးရတစ်ရပ်ကို ပုံဖော်ဖို့အတွက် တိုင်းရင်းသားအားလုံးဟာ လိုအပ်တယ်။ NLD ကိုလဲ ယုံလို့ မရတော့ဘူး။ NLD ကို ဒီအတိုင်းအနိုင်ပေးလို့ ၂၀၂၀ အလွန် ကာလမှာ ကျွန်တော်တို့ဟာ ဘယ်လိုမှ စစ်မှန်တဲ့ ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူးဆိုတဲ့ အဖြေတစ်ခု လက်တွေ့ရလိုက်တယ်။ အဲဒါကြောင့် တိုင်းရင်းသားပါတီများ ၂၀၂၀ အတွက် ကြိုပြင်ဖို့လိုမယ်။ Collation Government ကိုဖွဲ့နိုင်အောင် ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေအားလုံးရဲ့ မဲကို ကိုယ့်အမျိုးသားပါတီများက ရထားနိုင်ပြီးမှ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ တန်းတူပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင်တဲ့ အနေအထားကို ရောက်ဖို့အတွက် အရေးကြီးတယ်။

အဲဒီလိုဖြစ်ဖို့အတွက် ၂၀၂၀ အလွန်ကာလဟာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ဖွဲ့စည်းပုံကြီးကို ပြင်နိုင်မလားဆိုတဲ့အပိုင်းနဲ့ သွားတယ်။ အဲဒါကြောင့် ကြားဖြတ်လဲ အကြီးတယ်။ ၂၀၂၀ လဲအရေးကြီးတယ်။ အခုပါတီတွင်းမှာ မတည်ငြိမ်မှုတွေ ပေါ်လာတဲ့အခါ ကျွန်တော်တို့ အမျိုးသားအတွက် အားနည်းတာပေါ့။ သို့သော် မညီညွတ်တာကို ညီညွတ်အောင် အတင်း လုပ်ထားလို့မရဘူး။ လူထုသဘောထားနဲ့ ထင်ဟတ်တဲ့ ပါတီတိုင်းသည်သာလျင် အနိုင်ရတာပါ။ ၉၀ ပြည့်နှစ်မှာ ပါတီတွေ အများကြီးပဲ။ ရာပေါင်းများစွာ ပေါ်တယ်။ သို့သော် NLD ကို မဲပေးခဲ့ကြတယ်။ ၂၀၁၅ မှာ ရ၀ အခုဆို ၉၀ လောက် ဖြစ်သွားပြီ။ လူထုဟာ မညံ့ဘူးဗျ။ ရခိုင်မျိုးသားပါတီကို မဲပေးခဲ့တယ်။ ဘာကြောင့်လဲ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒနဲ့ ကျွန်တော်တို့ သွားလိုတဲ့လမ်းကြောင်းကို သူတို့ကယုံတယ်။

ကျွန်တော်တို့ မူဝါဒ ကျွန်တော်တို့လိုလားချက်ကို ပါတီက အကောင်အထည် မဖော်ပေးနိုင်ရန် ပါတီဟာ လူထုနဲ့ ကင်းကွာသွားမှာပေါ့။ တခြားပါတီတစ်ခု ပေါ်ရင်တော့ သူတို့လူထုနဲ့ နီးစပ်အောင် လူထုသဘောထားကို အကောင်အထည် ဖော်နိုင်တဲ့ ပါတီဖြစ်အောင်ကြိုးစား။ အဲလိုဆိုရင်တော့ လူထုထောက်ခံလာမှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က ပါတီပေါ်ခြင်း မပေါ်ခြင်းဟာ လူထုနဲ့ပဲဆိုင်ပါတယ်။ ပါတီတွေများများပေါ်တာကို ဘာမှမပြောလိုပါဘူး။

RiA။    ။ ဆရာက အမျိုးသားလွှတ်တော်ကနေ ပြည်နယ်လွှတ်တော်ကို ဆင်းပြိုင်ခဲ့တဲ့သူ တစ်ယောက်ဖြစ်နေတော့ ဆရာသာ လွှတ်တော်ထဲမှာ ရှိနေမယ်ဆိုရင် ဘယ်လိုဦးဆောင်မှုမျိုးကို လုပ်နိုင်မယ်လိုယူဆလဲ။ ဒီနေ့ပြည်နယ်လွှတ်တော် အခင်းအကျင်းကိုရော ဘယ်လိုမြင်လဲ။

UAM။    ။ ဒါကတော့ နည်းနည်းကျယ်ပြန့်တယ်ဗျ။  ကျွန်တော်ဘာကြောင့် ရခိုင်ပြည်နယ် ပါလီမန်ကိုလာဖို့ ကြိုးစားသလဲ ဆိုတာက ဖွဲ့စည်းပုံကိုလဲ မပြင်နိုင်သေးဘူး။ ခုနကပြောသလိုပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ခဲ့လို့၊ တိုင်းရင်းသား ပါတီတွေလဲနိုင်ခဲ့လို့ ပြည်ထောင်စုမှာ စုပေါင်းစပ်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့မယ်ဆိုရင် သူတို့ကလဲ ဖယ်ဒရယ် ပြည်ထောင်စုကို သွားချင်တယ်။ ဒီနေရာမှာ အစမ်းသပ်ခံဘဝနဲ့ တိုင်းရင်းသားပါတီ တစ်ခုက ထိန်းချုပ်ထားတဲ့ပြည်နယ်ကို တိုင်းရင်းသား ကိုယ်စားပြုတဲ့ အုပ်ချုပ်ခွင့်ကိုပေးနိုင်တဲ့ ပြည်ထောင်စုပါတီဖြစ်မယ်လို့ ယုံကြည်ခဲ့လို့ ကျွန်တော်တို့က ရခိုင်ပြည်နယ် ပါလီမန်ကိုထိန်းချုပ်ဖို့ ကြိုးစားတယ်။ ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့ဖို့ကြိုးစားခဲ့တယ်။ သို့သော်လဲပဲ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကျွန်တော်တို့နဲ့ NLD နဲ့အကြိမ်ပေါင်းများစွာ တွေ့တယ်။ ရွေးကောက်ပွဲအလွန်ကာလ အစိုးရဖွဲ့တော့မယ် ဆိုတဲ့အခါမှာ ဒီနေ့ထိ NLD သည် ကျွန်တော်တို့ကို ဆွေးနွေးဖော်အဖြစ် မသတ်မှတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ ပါတီချင်းတောင်မှ တန်းတူအခွင့်အရေးမပေးဘူး။ ကျွန်တော်တို့မျှော်မှန်းတဲ့ ယုံကြည်ခဲ့တဲ့ NLD အနေအထားဟာ အခုလက်တွေ့ဆောင်ရွက်နေတဲ့ NLD အနေအထားအတိုင်းမဟုတ်ဘူး။
ပါလီမန်ကတော့ ကျွန်တော်တို့ ပါတီဘက်ကရပါတယ်။ ပါလီမန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရဲ့အောက်မှာ သွားနေရတာကိုး။ ပြည်နယ်အစိုးရကို ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်အောင်တော့ သူလုပ်ပေးရမယ်။ ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီသည် ကြီးကြပ်ဆောင်ရွက်ပိုင်ခွင့်မရခဲ့ရင်လဲပဲ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်ထားနိုင်တဲ့ ကျွန်တော်တို့ အမတ်များရဲ့တာဝန်ဟာ အင်မတန်ကြီးတယ်။

ကျွန်တော်တို့ ပြည်နယ်ပါလီမန်သည် ပြည်နယ်အစိုးရကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိသလား။ ထိန်းချုပ်နိုင်တဲ့ ကိုယ့်ပါလီမန် အမတ်တွေကော တကယ်ဟုတ်ရဲ့လား။ အမတ်တွေထဲမှာလဲ သိတဲ့အတိုင်းပဲ။ ပါတီကတော့နိုင်သွားတယ်။ သို့သော် ANP ပါတီကို ကိုယ်စားပြုတဲ့အမတ်တွေ ပါမပါကို ခင်ဗျားတို့သုံးသပ်ပါ။ ကိုယ့်ပါတီဘက်က သွားမယ့် ပါလီမန်ရဲ့ အရေးကြီးတဲ့ Check and Balance လုပ်မယ့်အဆိုတွေကို ကိုယ်နဲ့အတူ ပါလာနိုင်မယ့် တခြားပါတီ၊ မိတ်ဖက်ပါတီ အဖွဲ့အစည်းတွေ ရှိသလား။ ဒါတွေအားလုံးရဲ့ အနေအထားကို ကြည့်ပြီးခါမှာ ပြည်နယ် ပါလီမန်ကို ကြီးကြပ်တဲ့ ပုဂ္ဂိုလ်များရဲ့ တာဝန်ဖြစ်သွားပြီ။ ကျွန်တော်တို့ပါတီ ဘက်ကတော့ လိုအပ်တဲ့ အကြံအဉာဏ်ကိုပေးရုံပဲ။

ဥပမာ။ ပြည်သူ့လွှတ်တော်ကို ပြန်ကြည့် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒများထဲက မလွတ်ဘူး။ တစ်ခါတစ်ခါ သူတိုက်ပုံအနက် ဝတ်ရုံကလွဲပြီးတော့ ကျန်တဲ့နေရာတွေမှာ ပင်နီဝတ်တယ်ဗျ။ ကျွန်တော်တို့ ပါတီဘက်က ပါတီထဲမှာ ရောက်နေကြတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကလဲပဲ ရခိုင်ယူနီဖောင်းလေးတွေကို ဝတ်လားမဝတ်လား ခင်ဗျားတို့ ပြန်သုံးသပ်ပေါ့။ သို့မဟုတ် Judge တစ်ဦးအနေနဲ့ပဲ နေသလား။ ကိုယ့်ပါတီဘက်က မူဝါဒတွေကို အကောင်အထည် ဖော်တဲ့ ပါလီမန်ဟုတ်မဟုတ်ကို ခင်ဗျားတို့ပြန်သုံးသပ်ပေါ့။ ပြည်နယ်ပါလီမန်သည် ပြည်နယ်အစိုးရကို ထိန်းညှိနိုင်တဲ့ အနေအထား တစ်ခုကို ရောက်သွားရင်တော့ဖြင့် ကျွန်တော်တို့ ရခိုင်ပြည်သူများက ရခိုင်အမျိုးသားပါတီကို မဲပေးပြီးတော့မှ ပါလီမန်ကို ထိန်းချုပ်ရကျိုးနပ်သွားမှာပါ။ သို့မဟုတ် မထိန်းချုပ်ဘူး။ အမတ်အရေအတွက် ရှိတယ်ဆိုရင်တော့ဖြင့် ပါလီမန်သည် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ထပ်တူမရှိဘူးပေါ့။  

RiA။    ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးအေးမောင် ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly