ငလျင်ဒဏ်ကြံုတွေ့သည့် နယူးဇီလန်သို့ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်စစ်သင်္ဘောများ သွားရောက်ကူညီပေး

ငလျင်ဒဏ်ကြံုတွေ့သည့် နယူးဇီလန်သို့ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်စစ်သင်္ဘောများ သွားရောက်ကူညီပေး

ကီကော့ရာ၊ နိုဝင်ဘာ ၁၆ ။       ။ ငလျင်ကြံုတွေ့ခဲ့သည့် နယူးဇီလန်နိုင်ငံ ကီကော့ရာမြို့သို့ လူများရွှေ့ပြောင်းပေးရေးနှင့် အထောက်အပံ့များ ပေးရေးတို့အတွက် သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်စစ်သင်္ဘောများက သွားရောက် ကူညီပေးလျက်ရှိသည်။

သင်္ဘောနှင့်တစ်သွယ်၊ ရဟတ်ယာဉ်ဖြင့်တစ်မျိုး နေရပ်ရွှေ့ပြောင်းပေးထားသူပေါင်း ၆၀၀ နီးပါးရှိနေသည်။

မြို့သို့သွားရာလမ်း မြေပြို၍ ပိတ်ဆို့နေမှုကိုလည်း ကယ်ဆယ်ကူညီရေးလုပ်သားများက အရေးပေါ်ယာယီလမ်း ဖောက်လုပ်ထားပြီး ကူညီရေးများဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက် ငလျင်ကြီးလှုပ်မှုတွင် လူနှစ်ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ထောင်ပေါင်းများစွာလည်း လှုပ်ခဲ့သည်။

ဝေလငါးများ ကြည့်ရှုနိုင်ခြင်းအတွက် နာမည်ကြီးသည့် ကီကော့ရာမြို့တွင် ကမ္ဘာ့လှည့်ခရီးသွားပေါင်း ၁၂၀၀ နီးပါးလည်း ငလျင်လှုပ်သည့်အချိန်က ရောက်ရှိနေခြင်းဖြစ်သည်။ ထိုမြို့နှင့် ဝန်းကျင်တွင် နေထိုင်သူပေါင်းက
၃၅၀၀ ဝန်းကျင်ရှိသည်။

နိုဝင်ဘာ ၁၄ ရက်က ပြင်းအား ရစ်ချ်တာစကေး ရ ဒဿမ ၈ အဆင့် ငလျင်လှုပ်ပြီးနောက် နယူးဇီလန်တွင် နောက်ဆက်တွဲငလျင် အနည်းဆုံး ၁၈၂၃ ကြိမ်လှုပ်ခဲ့ကြောင်း အစိုးရရန်ပုံငွေဖြင့်လည်ပတ်သည့် ငလျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags