ဂျူဗင်တပ်စ်အသင်းအား နည်းပြအယ်လီဂရီက ဘောလုံးလောက၏ ချီကာဂိုဘူးလ်အသင်း ဖြစ်စေလို

ဂျူဗင်တပ်စ်အသင်းအား နည်းပြအယ်လီဂရီက ဘောလုံးလောက၏ ချီကာဂိုဘူးလ်အသင်း ဖြစ်စေလို

နိုဝင်ဘာ ၁၅၊ အီတလီ ။             ။ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ၎င်း၏အသင်းသားများအား NBA ဘက်စကက်ဘောအသင်း ချီကာဂိုဘူးလ်ကဲ့သို့ ခြောက်နှစ်ဆက်တိုက် ချန်ပီယံဆုရရှိအောင် ကြိုးစားကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

နာမည်ကြီးဂန္ထဝင်ဘက်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ပါ၀င်ကစားခဲ့သော ချီကာဂိုဘူးလ်အသင်းသည် ၁၉၉၀ ကာလများက ရှစ်နှစ်အတွင်း ခြောက်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၁-၁၂ ရာသီကတည်းက စတင်ပြီး ငါးနှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်ခဲ့ရာ ဘောလုံးလောက၏ချီကာဂိုဘူးလ်အသင်းဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သည်။ ဥရောပထိပ်သီးလိဂ်များတွင် ခြောက်နှစ်ဆက်တိုက်အမှတ်ပေးချန်ပီယံဖြစ်ခဲ့သည့် အသင်းမရှိသေးဘဲ ရီးယဲလ်အသင်းတစ်သင်းသာ ငါးနှစ်ဆက်ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။

အယ်လီဂရီက ‘ကျွန်တော်တို့တစ်သင်းလုံးကွင်းထဲဝင်တိုင်း ခြောက်နှစ်ဆက်ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ အတွေးနဲ့ ၀င်ကြတာပါ။ ခြောက်ကြိမ်ဆက်ချန်ပီယံဖြစ်ဖို့ဆိုတာ သေးငယ်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ၂၆ ပွဲမှာ ၂၅ ပွဲနိုင်အောင်ကစားနိုင်ခဲ့တာ၊ ဒီရာသီမှာ ၁၂ ပွဲအပြီး ၁၀ အနိုင်ရအောင်ကစားနိုင်ခဲ့တာတွေက မလွယ်ပါဘူး။ ဂျော်ဒန်ရဲ့ ချီကာဂိုဘူးလ်အသင်းလို ဂန္ထဝင်တွေဖြစ်လာဖို့ ကျွန်တော်တို့အားလုံးအတူတကွ ကြိုးစားသွားကြမှာပါ’ ဟု ပြောခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် ရမှတ်သုံးဆယ်ရထားပြီး ဒုတိယနေရာမှ ရိုးမားကို လေးမှတ်ဖြတ်ထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags