မလေးရှားတွင် ကလေးသူငယ် လိင်မဖွယ်မရာ ပြုကျင့်မှု တစ်ရာခိုင်နှုန်းသာ အရေးယူမှုရှိ

မလေးရှားတွင် ကလေးသူငယ် လိင်မဖွယ်မရာ ပြုကျင့်မှု တစ်ရာခိုင်နှုန်းသာ အရေးယူမှုရှိ

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၄ ။               ။ မလေးရှားနိုင်ငံတွင် နိုင်ငံ၏ ရာဇဝတ်မှု တရားစီရင်စနစ် အားနည်းခြင်းကြောင့် အများစုအားဖြင့် ကလေးသူငယ် လိင်အလွဲသုံးစား လုပ်ခံရ၍ တိုင်ကြားမှုများသည် အများစုအားဖြင့် တရားစီရင် အရေးမယူနိုင်ဘဲ ဖြစ်ရကြောင်း ရဲ၊ ရှေ့နေနှင့် ကလေးသူငယ်အရေး လှုပ်ရှားသည့် အဖွဲ့များက ပြောသည်။

ရဲဌာန ကောက်ယူသည့် အချက်အလက်များအရ ရိုက်တာက ဖော်ပြရာတွင် ၂၀၁၂ ဇန်နဝါရီမှ ယခုနှစ် ဇူလိုင်လအတွင်း ကလေးလိင်မဖွယ်မရာပြုကျင့်ခံရမှုပေါင်း ၁၂၉၈၇ မှု ရဲဌာနသို့ တိုင်ကြားခြင်း ရှိကြောင်း၊ ယင်းအမှုများအနက် ၂၁၈၀ မှုကို တရားစွဲဆိုခဲ့ပြီး အမှုပေါင်း ၁၄၀ ကိုသာ ပြစ်ဒဏ်စီရင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားစွဲဆိုသော်လည်း လွတ်မြောက်သည့် အမှုများက မည်သို့သော အမှုများဖြစ်ကြောင်းကိုမူ ယင်းအချက်တွင် ဖော်ပြထားခြင်း မရှိပေ။ ပြစ်မှုစီရင်ခံရသည့် အမှုများကိုလည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

ကြီးထွားလာသည့် ယင်းပြဿနာကို သတိရှိရန်အတွက် အစိုးရအနေဖြင့် ကလေးသူငယ်လိင်မဖွယ်မရာပြုကျင့်ခံရမှုများကို အချက်အလက်များ ပိုမိုထုတ်ပြန်ပေးသင့်ကြောင်း ကလေးသူငယ် အရေးလှုပ်ရှားသည့် အဖွဲ့များကလည်း တိုက်တွန်းလျက်ရှိသည်။

ဇွန်လအတွင်းက ဗြိတိန်တရားရုံးတစ်ရုံးမှ ရစ်ချက်ဟူကယ်ဆိုသူအား ကလေးသူငယ်ပေါင်း ၂၀၀ ကျော်ထက်မနည်းအပေါ် လိင်မဖွယ်မရာ ကျုးလွန်ခြင်းကြောင့်   ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီးနောက်ပိုင်း မလေးရှားနိုင်ငံတွင် ယင်းအရေးကိစ္စတွင် ပိုမိုသတိထားလာကြခြင်းဖြစ်သည်။ ရစ်ချက်ဆိုသူသည် အများစုအားဖြင့် မလေးရှားနိုင်ငံမှဖြစ်ကြသော ကလေးသူငယ်များအပေါ် လိင်မဖွယ်မရာပြုကျင့်ပြီး အင်တာနက်ပေါ်သို့ ပုံများ တင်ခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့်လည်း တရားဝင်လုံခြံုရေးအက်ဥပဒေကြောင့် ကလေးသူငယ်မဖွယ်မရာ ပြုကျင့်ခံရမှု အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိပေ။ လွှတ်တော်အမတ်တစ်ဦးဦးက တောင်းမှသာလျှင် ယင်းအချက်အလက်များကို ပေးနိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags