ဖာဘရီဂတ်စ်ကိုခေါ်ယူရန် စိတ်ဝင်စားခြင်းမရှိဟု ဆီဗီလာနည်းပြပြော

ဖာဘရီဂတ်စ်ကိုခေါ်ယူရန် စိတ်ဝင်စားခြင်းမရှိဟု ဆီဗီလာနည်းပြပြော

နိုဝင်ဘာ ၁၁၊ ဆီဗီလာ။           ။ ကမ္ဘာ့ဖလားရဖူးသည့် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်မှာ နည်းပြတိုင်းကလိုချင်နေသူဖြစ်သည်ဟု ဆီဗီလာနည်းပြ ဆမ်ပါအိုလီက ဝန်ခံခဲ့သော်လည်း အသင်းသို့ခေါ်ယူရန် စိတ်ဝင်စားခြင်းမရှိဟု ပြောဆိုလိုက်သည်။

ဖာဘရီဂတ်စ်သည် ချယ်လ်ဆီးအသင်းတွင် နည်းပြကွန်တီလက်အောက်၌ ပွဲထွက်ကစားခွင့်ရရန်ရုန်းကန်နေရသည်။ ချယ်လ်ဆီး အသင်းက ၃-၄-၃ ကစားကွက်သို့ပြောင်းလဲ အသုံးပြုရာတွင်လည်း ပေါင်ဒဏ်ရာရနေသည့် ဖာဘရီဂတ်စ်ထက် မာတစ်နှင့် ကန်တီတို့ကသာ ဦးစားပေးအသုံးပြုခံနေရသည်။

ဝက်စ်ဟမ်းအသင်းက အငှားဖြင့်ခေါ်ယူချင်နေသည့် အသက် ၂၉ နှစ်အရွယ်ကစားသမားမှာ ဇန်နဝါရီလအတွင်း အသင်းမှ ပြောင်းရန် ချိတ်ဆက်ခံနေရသည်။

အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ မန်စီးတီးကွင်းလယ်လူ နာဆရီကို အငှားဖြင့်ခေါ်ယူထားသည့် ဆီဗီလာ အသင်းသည် အပြီးသတ်ခေါ်ယူရန် မရေရာသေးသည့် အနေအထားဖြစ်သည်။

သို့သော် ဖာဘရီဂတ်စ်နှင့်ပတ်သက်သည့်သတင်းများကိုမူ ဆမ်ပါအိုလီက ပယ်ချခဲ့သည်။ “သူက အရေးကြီးတဲ့ ကစားသမား ဆိုတာ ကျွန်တော်သိပါတယ်။

ဒါပေမဲ့ ကျွန်တော်သူ့အကြောင်း မစဉ်းစားပါဘူး။ သူက စွမ်းရည်မြင့်ပြီး နည်းပြတိုင်းကလိုချင်တဲ့ ကစားသမားဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူဒီကိုရောက်လာမယ့်ကိစ္စက ကျွန်တော့်ခေါင်းထဲမရှိပါဘူး။

ကျွန်တော်တို့ဟာ ကစားသမားတွေနဲ့ နေ့တိုင်းချိတ်ဆက်မှုတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့လက်ရှိလူစာရင်းကို တန်ဖိုးထားပြီး အဲဒီထက်ပို စဉ်းစားထားတာ မရှိပါဘူး”ဟု ဆမ်ပါအိုလီက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly