အာဖဂန်တွင် ဂျာမနီ ကောင်စစ်ဝန်ရုံးကို ကားဖြင့်ဝင်ဆောင့်ကာ အသေခံဗုံးခွဲ

အာဖဂန်တွင် ဂျာမနီ ကောင်စစ်ဝန်ရုံးကို ကားဖြင့်ဝင်ဆောင့်ကာ အသေခံဗုံးခွဲ

ကဘူးလ်၊ နိုဝင်ဘာ ၁၁ ။                 ။ အာဖဂန်နစ္စတန်နိုင်ငံ မာဇာအီရှာရစ်မြို့ရှိ ဂျာမနီကောင်စစ်ဝန်ရုံးအတွင်းသို့ ကားဖြင့် ဝင်ဆောင်ကာ အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲပစ်၍ အနည်းဆုံး လူနှစ်ဦးသေဆုံးကြောင်း ရဲက ပြောသည်။

ယင်းအဆောက်အအုံတွင် ပေါက်ကွဲသံကြီးကြားရပြီးနောက် သေနတ်ပစ်ခတ်သံများ ညံသွားကြောင်း သတင်းများက ဖော်ပြသည်။

ဒေသစံတော်ချိန် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၈၀ ကျော်ထက်မနည်းရှိကြောင်း ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

ကန်ဒက်ပြည်နယ်တွင် ယခုလအစောပိုင်းက ညွန့်ပေါင်းတပ်များ၏ လေကြောင်းထိုးစစ်ကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်ခြင်းအဖြစ် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာလီဘန်များက ပြောသည်။

တာလီဘန်များ၏ ဝိုင်းထားခြင်းခံရသည့် အာဖဂန်တပ်ဖွဲ့များက လေကြောင်းပစ်ကူ တောင်းခြင်းကြောင့် ထိုးစစ်ဆင်ခဲ့ရသော အဆိုပါ အရပ်သားများသေဆုံးသည့်   လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နေတိုးက စုံစမ်းစစ်ဆေးလျက်ရှိသည်။

အဆိုပါ လေကြောင်းထိုးစစ်အတွင်း အရပ်သား ၃၀ သေဆုံးခဲ့ရကြောင်း ဌာနေတာဝန်ရှိသူများက ပြောသည်။

ဂျာမနီကောင်စစ်ဝန်ရုံးသည် ဘက့်ခ်ပြည်နယ် မြို့တော် မာဇာအီရှာရစ် အလယ်ပိုင်းတွင် အုတ်တံတိုင်းခတ်တည်ရှိသည့် သံတမန်ရေးရာရပ်ဝန်းလည်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဂျာမနီစစ်သားအင်အား ၁၀၀၀ နီးပါးရှိနေပြီး အများစုက ဘက့်ခ်ပြည်နယ်တွင် ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly