မိုးကုတ်ရေပူကျောင်း ဆရာတော်ကို တရားရုံးပြောင်းစစ်ရန် တင်ထား

မိုးကုတ်ရေပူကျောင်း ဆရာတော်ကို တရားရုံးပြောင်းစစ်ရန် တင်ထား

ပြင်ဦးလွင်၊ ဇူလိုင် ၁၇ ။    ။ တရားမဝင် ကျောက်မျက်ဥပဒေအပါအဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုကာ လူဝတ်လဲ ဖမ်းဆီးခံ ထားရသည့် မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား ပုဒ်မ နှစ်ခုအတွက် တရားရုံးပြောင်းလဲ စစ်ဆေးရန် ရုံးပြောင်းမိန့် တင်ထားသည်ဟု ၎င်း၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ကိုဆန်းထွန်းအောင်က ပြောသည်။

“အရင်ခေါက်ကတော့ တွေ့ခွင့်လည်းမပေးခဲ့ဘူး။ ပါဝါတင်ခွင့်လည်းမရခဲ့ဘူး။ ဒီတစ်ခေါက်ကတော့ အားလုံးပြေပြေ လည်လည် ပါပဲ။ ပါဝါတင်ခွင့်လည်းရပါပြီ။ ပုဒ်မ ၂၉၅နဲ့ ပုဒ်မ ၄၂(ခ)အတွက် ရုံးပြောင်း လျောက်ထားထားတယ်။ အခု ပါဝါတင်ပြီး ကျွန်တော် တို့ရဲ့ အမှုတွဲဖိုင်ယူခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

ရေပူကျောင်းဆရာတော်အား စေတီဖြိုဖျက်မှု ပုဒ်မ ၂၉၅၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁(က)၊ သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)တို့ဖြင့် တရားစွဲဆိုဖမ်းဆီးထားခြင်းဖြစ်သည်။

ဆရာတော်က တရားရုံးအဝင်တွင် “ဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရနေတဲ့သူတွေရဲ့လက်ထဲမှာ ဥပဒေကြောင်းအရ ရင်ဆိုင်နေ ရတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်"ဟုမိန့်ကြားသည်။

ဆရာတော်ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပြီး ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ဇူလိုင် ၁၁ရက်က ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ဇူလိုင် ၁၇ရက်တွင်မူ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၇ရက်တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

ပထမအကြိမ် ရုံးထုတ်တွင် တရားရုံးကို တခါးပိတ်စစ်ဆေးခဲ့ပြီး လုံခြုံရေးရဲများလည်း အပြည့်ချထားခဲ့ကာ ဆရာတော်အား မိုးကုတ်မြို့ဒေသခံများနှင့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေး ဒေသခံများက လာရောက်ကြည်ညိုသော်လည်း တွေ့ခွင့်မရခဲ့ပေ။ ဒုတိယအကြိမ် ရုံးချိန်းတွင်မူ လာရောက်ကြည်ညိုသူများအား ဆရာတော် နှင့် တွေ့ခွင့်ပေးခဲ့သည်။

ဆရာတော်နှင့် တွေ့မည့်သူများကို ဧည့်တွေ့ခွင့် ကဒ်များ ထုတ်ပေးခဲ့သည်။ တရားရုံးဝန်းကျင်တွင်မူ လုံခြုံရေးအင်အား ၅၀ကျော် ချထားသည်ကို တွေ့ရသည်။

မိုးကုတ်ဒေသခံ ကိုစိုးဌေးမှ “အခုလို တွေ့ပေးတာကောင်းပါတယ်။ အားလုံးက အဝေးကြီးကနေလာပြီး ဆရာတော်ကို ဖူးမျှော်ဖို့ လာကြတာပါ။ ပြီးခဲ့တဲ့အခေါက်ကဆို ဘယ်သူမှ တွေ့တွေ့ခွင့်မရတော့ စိတ်ဆင်းရဲပြီး ပြန်ကြရတယ်။ အခုတော့ဖူးမျှော်ခွင့် ရပါ တယ်" ဟုပြောသည်။

ဆရာတော်၏ မယ်တော် ဒေါ်သန်းခင်ကလည်း “ငယ်ဖြူပါကွယ်။ အမေကတော့ သင်္ကန်းဝတ်နဲ့ပဲမြင်စေချင်တယ်။ ဘယ်သူ့မှ ဘာမှမပြောချင်ဘူး။ တစ်မြို့လုံးသိနေတယ်။ ဘာကြောင့်ခုလိုဖြစ်တယ်ဆိုတာတော့ အမေမပြောတတ်ပါဘူး။" ဟုပြောသည်။

ဆရာတော်အပါအဝင် ကိုမြင့်ရှိန်၊ ကိုနေမျိုးအောင်၊ ကိုအောင်ဇော်ထွန်း၊ ကိုဇော်မင်းလတ်တို့အား ဇူလိုင် ၇ရက်က ရုံးထုတ်ခဲ့ပြီး ကျန်သည့် ငါးဦးဖြစ်သည့် ကိုသိန်းကို၊ ကိုအောင်မင်း၊ ကိုဆွေမင်း၊ ကိုဉာဏ်ထွန်းနှင့် ကိုဇော်မင်းလတ်တို့အား တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားသည်။

ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ဒေသခံ ၁၀၀၀ ကျော်တို့မှ ဇူလိုင်လ ၆ ရက်တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပြီး ဆရာတော်လွတ်မြောက်ရန် ထပ်မံလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု မိုးကုတ်ဒေသခံ ဦးစိုးဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly